တနင်္သာရီတွင် စစ်တပ်ပစ်သည့် လက်နက်ကြီးထိမှန်ကာ ရွာသားတစ်ဦး သေဆုံး၊ ၅နှစ်အရွယ် ကလေးငယ် ခြေတစ်ဖက်ပြတ်

တနင်္သာရီမြို့နယ်၊ကျွဲထိန်းကုန်းရွာထဲသို့ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ၅နှစ်အရွယ်ကလေးတစ်ဦး ခြေတစ်ဖက်ပြတ်ခဲ့ကြောင်း သိရသည်။

မေလ၂၁ရက်၊ညနေ ၆နာရီမိနစ်၂၀ခန့်တွင် တနင်္သာရီမြို့နယ်၊ထုံတော်ကျေးရွာအတွင်း တပ်စွဲထား သော ခမရ၅၆၁တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားသူမှာ အသက်၄၀အရွယ် အမျိုး သားဖြစ်ပြီး ၅နှစ်အရွယ်(မ)ကလေးတစ်ဦးနှင့် အသက်၂၀အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိ ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က ယနေ့(မေ၂၂ရက်)သတင်းထုတ်ပြန်သည်။

“ရွာခံတွေဆီကနေ ပြန်သိတာက လက်နက်ကြီးပစ်တာ ၂လုံး။သေသွားတဲ့သူက အိမ်နားကို လက် နက်ကြီးတစ်လုံးကျပြီး အစစင်ပြီး ခေါင်းမှန်သွားတာ။ကျွဲထိန်းကုန်းမှာ ဘာတိုက်ပွဲမှ မရှိဘူး” ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သော ဓာတ်ပုံမှတ်တမ်းများအရ ဒဏ်ရာရကလေးငယ် မှာ ခြေထောက်တစ်ဖက် ပြတ်သွားပြီး နောက်ခြေတစ်ဖက်လည်း ဒဏ်ရာရခဲ့ကာ အသက်၂၀အရွယ် အမျိုး သားမှာမူ ဒူးခေါင်း၌ ဒဏ်ရာရကြောင်း တွေ့ရသည်။

မေလ၂၀ရက်က ကျွဲထိန်းကုန်းရွာနှင့် အတန်ငယ်ဝေးသော နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

“ဘယ်နေရာလဲတော့ မပြောနိုင်သေးဘူး။ သကျက်ကျေးရွာအုပ်စုထဲမှာပဲ ဖြစ်တာ။ ကျွဲထိန်းကုန်း ဆိုတာလည်း သကျက်ထဲက ရွာပဲ။ အဲဒါကြောင့် ထိတွေ့မှုပြီးတော့ လက်နက်ကြီး လျှောက်ရမ်း ပစ်တာ ကျွဲထိန်းကုန်းထဲ ကျတာလို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ခမရ ၅၆၁တပ်ရင်းသည် တနင်္သာရီမြို့နယ်၊ညောင်ပင်ကွင်းအနောက်ကမ်းရွာတွင် တည်ရှိသည်။

စာတည်း-ML