ဂျပန်က ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံကို ၁၅ နှစ်အကြာတွင် ပြန်လည်လည်ပတ်

Channel News Asia

ဂျပန်နိုင်ငံတွင် ဖူကူရှီးမား နျူကလီးယား မတော်တဆမှုဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပိတ်ထားခဲ့သည့် ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဖြင့် အိမ်ထောင်စုပေါင်း ၄၅၀,၀၀0 ခန့်အတွက် လျှပ်စစ်ဓာတ်အားကို တစ်ကျော့ပြန် ပြန်လည်ဖြန့်ဖြူးပေးလိုက်သည်။

အဆိုပါ Kashiwazaki-Kariwa နျူကလီးယားစက်ရုံသည် ဧပြီလ ၁၆ ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်စတင်ခဲ့ကြောင်း စက်ရုံကို ကိုင်တွယ်လုပ်ဆောင်နေသည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) အရ သိရသည်။

ယခုကဲ့သို့ ပြန်လည်လည်ပတ်ခြင်းသည် မိမိတို့၏ နျူကလီးယားစွမ်းအင်ကဏ္ဍကို ပြန်လည်ရှင်သန်လာစေရန်နှင့် ပြည်ပမှတင်သွင်းရသည့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဂျပန်နိုင်ငံ၏ နောက်ဆုံးပေါ် ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်သည်။

ယင်းစက်ရုံသည် နီအိဂါတာခရိုင်အတွင်းရှိ ခါရှီဝါဇာကီမြို့နှင့် ကာရီဝါကျေးရွာတို့တွင် တည်ရှိပြီး ယင်းခရိုင်သည် နျူကလီးယားစွမ်းအင်ဘက်သို့ အာရုံမပြောင်းမီက ရေနံစိမ်းထုတ်လုပ်မှု၏ ဗဟိုချက်မတစ်ခု ဖြစ်ခဲ့ဖူးသည်။

ယခုအခါ အဆိုပါ နျူကလီးယားစက်ရုံသည် ရေဒီအက်တစ်ဓာတ်ပေါင်းဖို (၇) ခုနှင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်စွမ်း မဂ္ဂါဝပ် ၈,၂၁၂ ရှိကာ ဂျပန်နိုင်ငံတွင် အကြီးဆုံးစက်ရုံ ဖြစ်လာခဲ့သည်။

လက်ရှိတွင် ၎င်း၏ ဓာတ်ပေါင်းဖိုတစ်ခုတည်းကိုသာ ပြန်လည်လည်ပတ်ရသေးသော်လည်း အလားအလာရှိသော စွမ်းဆောင်ရည်အရ ၎င်းသည် ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ဖြစ်သည်။

ယင်း စက်ရုံမှ ထုတ်လုပ်လိုက်သော လျှပ်စစ်ဓာတ်အားများကို ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော တိုကျိုမြို့အပါအဝင် ကန်တို ဒေသသို့ လိုင်းသွယ်တန်း ပို့လွှတ်ပေးနေခြင်း ဖြစ်သည်။

အဆိုပါစက်ရုံကို ၁၉၈၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ငလျင်နှင့် ဆူနာမီကြောင့် ချာနိုဘိုင်းလ်ပြီးနောက် အဆိုးရွားဆုံးဖြစ်ခဲ့သည့် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ကြီးမားသော နျူကလီးယားမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်တစ်နိုင်ငံလုံးရှိ ဓာတ်ပေါင်းဖိုအားလုံးကို ပိတ်ပစ်ခဲ့ရသည်။

ဂျပန်အဏုမြူစက်မှုလုပ်ငန်းဖိုရမ်၏ အဆိုအရ ဂျပန်နိုင်ငံတွင် လက်ရှိ၌ နျူကလီးယားဓာတ်ပေါင်းဖို ၃၃ ခု ရှိကြောင်း သိရသည်။ ၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ၎င်းတို့အနက် ထက်ဝက်နီးပါး ဖြစ်သော ဓာတ်ပေါင်းဖို ၁၅ ခုသည် ပြန်လည်လည်ပတ် ခဲ့ပြီ ဖြစ်သည်။

Kashiwazaki-Kariwa စက်ရုံသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း TEPCO က ဦးစီးပြီး ပထမဆုံး ပြန်လည်လည်ပတ်ခွင့်ရသည့် စက်ရုံခွဲတစ်ခု ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ပျက်စီးသွားပြီး လက်ရှိတွင် လုပ်ငန်းရပ်ဆိုင်းဖျက်သိမ်းဆဲဖြစ်သော ဖူကူရှီးမားဒိုင်အိချိ စက်ရုံကိုလည်း လုပ်ဆောင် နေခြင်း ဖြစ်သည်။