နောင်ချိုမြို့၌ မှတ်ပုံတင်လုပ်သည့် ဒေသခံအချို့ထံမှ လဝကက ကျပ်ငါးသိန်းအထိ ကောက်ခံနေ

စစ်ကော်မရှင် ထိန်းချုပ်ထားသည့် နောင်ချိုမြို့၌ မှတ်ပုံတင်လာရောက်ပြုလုပ်သည့် ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးက ငွေကျပ် တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ကောက်ခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်က မှတ်ပုံတင်သွားရောက်ပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦးကို လ၀ကရုံးက ကျပ်ငါးသိန်းထိ တောင်းခံခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော် မှတ်ပုံတင်သွားလုပ်တာကို ကျပ်ငါးသိန်းကျတယ်လို့ ပြောတယ်ဗျာ။ ကျွန်တော်လည်း အံ့ဩသွားတယ်။ သူများလာလုပ်တာ ငါးသောင်း၊ တစ်သိန်းပဲ ကုန်တယ်လို့ ကြားဖူးတယ်။ ဘာလို့ ကျွန်တော့်ကျမှ ကျပ်ငါးသိန်းအထိ ကုန်ရတာလဲလို့ မေးတော့လည်း ဘာမှပြန်မပြောဘူး။ ဒါတောင် သွေးစစ်ခ၊ ဓာတ်ပုံရိုက်ခ၊ ထောက်ခံစာယူရတာတွေနဲ့ အသွားအလာ ဓာတ်ဆီဖိုးတွေ မပါသေးဘူး။ ပြီးတော့ ဟိုနေ့ချိန်း ဒီနေ့ချိန်းနဲ့လည်း လုပ်သေးတယ်။ ပြည်သူတွေကို ဒီလိုမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်” ဟု မှတ်ပုံတင်သွားရောက်ပြုလုပ်ခဲ့သည့် အဆိုပါအမျိုးသားက ပြောသည်။

နောင်ချိုမြို့ခံအချို့သည် စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကာလအတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပျောက်ဆုံးသွားခဲ့သဖြင့် အသစ်ပြန်လည်လျှောက်ထားရာတွင် လဝကရုံး၏ ငွေကြေးအလွန်အကျွံ တောင်းခံမှုများနှင့် ရင်ဆိုင်နေရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

“လူတိုင်းဆီက တောင်းတာတော့ မဟုတ်ဘူး။ တချို့ကျတော့လည်း သောင်းဂဏန်းလောက်နဲ့ ရသွားကြတယ်။ တချို့ကျတော့လည်း တစ်သိန်းခွဲလောက် ပေးလိုက်ရင် တစ်ပတ်အတွင်း ရတယ်။ ဒါပေမဲ့ ဒေသခံတချို့ကျတော့ သုံးသိန်း၊ လေးသိန်းအထိ ကုန်တယ်။ ဘာဖြစ်လို့ ကွာခြားချက်ရှိနေလဲတော့ မသိဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ သီပေါမြို့တွင်လည်း စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားရောက်ပြုလုပ်သည့် ဒေသခံအချို့ကို လဝကရုံးက ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ကောက်ခံခဲ့မှုများ ရှိခဲ့ဖူးသည်။

“အဲဒီလိုမျိုးတော့ သတင်းကြားမိတယ်။ လဝကက မှတ်ပုံတင်လုပ်ရင် သုံးသိန်း၊ လေးသိန်း တောင်းတယ်လို့ ကြားတာ။ သေချာတော့ မသိဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ တစ်နှစ်အကြာတွင် စစ်ကော်မရှင်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် မြို့ကိုလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း