လူသား⁩ ရုရှားက ယူကရိန်းမြို့တော်ကို အသံထက်မြန်သော Oreshnik ဒုံးကျည်ဖြင့် တိုက်ခိုက်

AFP, Reuters

ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒရုန်းများအပြင် အလွန်ပြင်းထန်ပြီး အသံထက်မြန်သော အိုရက်ရှနစ် (Oreshnik) တိုက်ချင်းပစ်ဒုံးကျည်ဖြင့် ညအချိန်တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေလ ၂၄ ရက် နေ့တွင် ပြောကြားခဲ့သည်။

ရုရှားစစ်တပ်ကလည်း Oreshnik) တိုက်ချင်းပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းကို အတည်ပြုခဲ့သည်။

ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ်က ရုရှား၏ လုပ်ရပ်သည် “နိုင်ငံရေးအရ ခြောက်လှန့်သည့် နည်းဗျူဟာနှင့် နျူကလီးယားစစ်ပွဲအန္တရာယ်ဖြင့် မဆင်မခြင် ခြိမ်းခြောက်မှု” ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

နောက်အပတ်တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ရုရှားအပေါ် နိုင်ငံတကာ ဖိအားများကို မည်သို့မြှင့်တင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ကာဂျာ ကာလက်စ်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ယင်းကဲ့သို့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး၊ ရုရှားက အိုရက်ရှနစ် ဒုံးကျည်ကို အသုံးပြုခြင်းသည် “တင်းမာမှုကို တိုးမြင့်စေသည့် ပုံစံတစ်မျိုး” ဟု ပြောကြားသည်။

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာဇ်ကလည်း ယခုကဲ့သို့ မဆင်မခြင် တင်းမာမှုတိုးမြင့်လာအောင် လုပ်ဆောင်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားသည်။

ရုရှားသည် ကိယက်ဗ်မြို့တော်၏ ဘီလာ ဆာ့ခ်ဗာ အရပ်ကို အဆိုပါဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇလန်းစကီးက Telegram ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

နျူကလီးယား သို့မဟုတ် သမရိုးကျ ထိပ်ဖူးများ သယ်ဆောင်နိုင်သော အဆိုပါ ဒုံးကျဉ်ကို ယူကရိန်းနိုင်ငံအတွင်း အသုံးပြုခဲ့ခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် ရှိပြီဖြစ်သည်။

မေလ ၂၄ ရက် အစောပိုင်းတွင် ရုရှားသည် ကိယက်ဗ်မြို့ကို ဒုံးကျည်များနှင့် ဒရုန်းအမြောက်အမြားဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ မြို့တော်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများတွင် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဒရုန်း အစင်း ၆၀၀ နှင့် လေကြောင်း၊ ရေပြင်နှင့် ကုန်းပြင်တို့မှ ပစ်ခတ်သော ဒုံးကျည် ၉၀ စင်းတို့ ပါဝင်ကြောင်း ယူကရိန်းလေတပ်က ထုတ်ပြန်သည်။

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်း ၅၄၉ စင်းနှင့် ဒုံးကျည် ၅၅ စင်းတို့ကို ဖျက်ဆီးကာ လမ်းကြောင်းလွှဲနိုင်ခဲ့သလို ရုရှား၏ ဒုံးကျည် ၁၉ စင်းခန့်မှာလည်း ပစ်မှတ်များသို့ မရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။