ရှမ်းပြည်နယ်တောင်ပိုင်းရှိ အဓိကစီးပွားရေးနှင့် ကုန်သွယ်ရေးဗဟိုချက်မြို့ကြီးများဖြစ်သည့် တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့တွင် အသွင်ပြောင်းအစိုးရတုက ပြည်သူလူထုနှင့် ကုန်သည်များကို အကျပ်ရိုက်စေမည့် မတရား ‘ရက် ၁၀၀ စီမံကိန်း’ ကို အကောင်အထည်ဖော်နေကြောင်း သိရသည်။
ထိုစီမံကိန်းကာလအတွင်း သွင်းကုန်ကုန်သည်ကြီးများ၏ နေအိမ်များနှင့် ကုန်သိုလှောင်ရုံ (ဂိုထောင်) များအထိ လိုက်လံစီးနင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံကုန်သည်များနှင့် မြို့ခံများထံမှ သိရသည်။
မင်းအောင်လှိုင်လက်အောက်ခံ စစ်အုပ်စုဝင်များ၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအုပ်စုများသည် သွင်းကုန်ဂိုထောင်များကို လိုက်လံစစ်ဆေးကာ ၎င်းတို့ထံ ကြိုတင်စာရင်း တင်ပြထားသည့် ကုန်ပစ္စည်းအရေအတွက်ထက် ကျော်လွန်နေသည်ကို တွေ့ရှိပါက ကုန်ပစ္စည်းများအားလုံးကို သိမ်းဆည်းသည့်အပြင် အဆမတန်ကြီးလေးသည့် ငွေဒဏ်များကိုပါ မတရား ဆောင်ခိုင်းနေကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို အဓိက ကူးလူးဆက်သွယ်ထားသည့် အင်တော – ကျောက်ဂူ – ရပ်စောက် လမ်းကြောင်းပေါ်တွင်လည်း အာဏာသိမ်းစစ်တပ်က အဆိုပါ ရက် ၁၀၀ စီမံကိန်းကို အကြောင်းပြကာ ဖြတ်သန်းသွားလာနေသည့် ကုန်တင်မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများအားလုံးကို အပြီးပိုင် အဓမ္မသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါလမ်းကြောင်းပေါ်တွင် ယခင်ကကဲ့သို့ သိမ်းဆည်းရမိသည့် ကုန်စည်များကို လေလံပစ်ခြင်းမျိုး မရှိတော့ဘဲ လိုင်စင်မဲ့ (W) မော်တော်ယာဉ်များကို အပြီးအပိုင် သိမ်းယူလျက်ရှိကြောင်း ဖြစ်စဉ်သိရှိထားသူများက ပြောသည်။
သိမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကိုမူ အင်တော၊ ကျောက်ဂူနှင့် ရပ်စောက်မြို့များတွင်ရှိသည့် ရဲစခန်းဂိုထောင်များအတွင်းသို့ ဟန်ပြသိုလှောင်ထားပြီးနောက် အဆိုပါ ရဲမိသားစုဝင်များကို စိတ်ကြိုက် ဝင်ရောက်ယူငင်ခွင့်ပြုထားကြောင်း ဆိုသည်။
ထို့နောက် ၎င်းကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ တစ်ဆင့် ပြန်လည်ရောင်းချခြင်းနှင့် ၎င်းတို့နှင့် အဆင်ပြေသည့် လော်ဘီကုန်သည်များထံသို့ ပြန်လည်ခွဲတမ်းချ ဖြန့်ဖြူးခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“လာမယ့် ဇွန်လထဲမှာ တောင်ကြီးမြို့ကို ရတဲ့လမ်းကြောင်းကနေ ဝင်ရောက်လာမယ့် နိုင်ငံခြားကုန်ပစ္စည်းတွေကို အခုထက်ပိုပြီး အစစ်အဆေး ကြပ်မတ်ဖို့ ရှိနေပါတယ်။ ဒါကြောင့် ကုန်သည်တွေအနေနဲ့ ကုန်စည်သယ်ယူ ပို့ဆောင်တဲ့အခါမှာ အထူးသတိထားပြီး သယ်ကြဖို့ အချင်းချင်း သတိပေးနေကြရပါတယ်” ဟု လက်ရှိအခြေအနေများနှင့် ပတ်သက်၍ တောင်ကြီးမြို့ခံ ကုန်သည်တစ်ဦးက ပြောကြားသည်။
စစ်အုပ်စု၏ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုများနှင့် မတရားဂုတ်သွေးစုပ် ဖိနှိပ်မှုများကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမည့်အရေးနှင့် ပတ်သက်၍ တောင်ကြီးမြို့ခံ ပြည်သူတစ်ဦးကလည်း “ပြည်သူတွေကတော့ တစ်ပူပေါ် နှစ်ပူထပ်ဆင့်ပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေရပြန်ပြီပေါ့ဗျာ” ဟု လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းကို ညည်းတွားပြောဆိုထားသည်။
လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအများအပြားတွင် ကုန်ပစ္စည်းပြတ်လပ်မှုများကို ရင်ဆိုင်နေရပြီး အထွေထွေကုန်ဈေးနှုန်းမြင့်တက်သည့်အန္တရာယ်ကိုလည်း ခံစားနေရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်
