လားရှိုးမြို့၌ စည်းကမ်းမဲ့ယာဉ်များကို ယာဉ်ထိန်းရဲများက အဖမ်းပြပြီး ကျပ်သိန်းဂဏန်းအထိ ငွေညှစ်နေ

ရှမ်းမြောက် လားရှိုးမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသည့် ယာဉ်များကို ယာဉ်ထိန်းရဲက အရေးယူနေပြီး ယာဉ်ထိန်းရုံးတွင် ပြန်လာရွေးခိုင်းပြီး ဒဏ်ကြေးဟုဆိုကာ ကျပ်ငါးသိန်းထိ တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လားရှိုးမြို့အတွင်းရှိ လမ်းမကြီးများနှင့် မြို့မဈေးအတွင်းရှိ တစ်လမ်းမောင်းနေရာများတွင် ယာဉ်ထိန်းရဲများက လိုက်လံစစ်ဆေးနေပြီး ယာဉ်စည်းကမ်း မလိုက်နာသည့်ယာဉ်များကို Wheel Lock ခတ်ကာ ယာဉ်ထိန်းရုံးသို့ လာရောက်ရွေးခိုင်းနေခြင်းဖြစ်ကြောင်း ဆိုသည်။

“ဖမ်းတာတော့ ၂၃ ရက်နေ့ကတည်းက စဖမ်းနေတာပေါ့။ တစ်လမ်းမောင်းတွေ၊ ဆိုင်ကယ်၊ ကား ဖြစ်သလို ရပ်ထားတဲ့ဟာတွေကို ယာဉ်ထိန်းရဲက သော့ခတ်ပြီး စာကတ်ထားလိုက်တယ်။ ပြီးတော့ ယာဉ်ထိန်းရုံးကို လာပြီး ရှင်းခိုင်းတယ်လို့ ပြောတယ်” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်အာဏာသိမ်းပြီးနောက် လားရှိုးမြို့တွင် ယာဉ်စည်းကမ်းမဲ့မှုများပြားခဲ့ပြီး ယခုကဲ့သို့ ယာဉ်စည်းကမ်းမလိုက်နာသော ယာဉ်များကို ပြန်လည်ဖမ်းဆီးခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မရှိသလောက် လျော့ကျသွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုရက်ပိုင်း လားရှိုးထဲ အကုန်ဖမ်းနေတယ်။ အသိတစ်ယောက်လည်း ဂေါက်ကွင်းရှေ့မှာ ဖမ်းခံရသေးတယ်။ ငါးသိန်းပေးပြီး ရွေးရတယ်လို့တော့ ပြောတယ်။ လိုင်စင်မပါတဲ့ကားတွေကို ဖမ်းတာလားဆိုတော့လည်း မဟုတ်ဘူး။ အထူးသဖြင့်က လိုင်းကားတွေကို ပိုဖမ်းတယ်” ဟု လားရှိုးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်စည်းကမ်းမလိုက်နာသည့် ယာဉ်များကို ဖမ်းဆီးသည့်အပြင် ယာဉ်မောင်းလိုင်စင်မရှိသော ကားများနှင့် လိုင်စင်သက်တမ်းလွန်နေသူများကိုလည်း သက်တမ်းပြန်လာတိုးကြရန်အတွက် ပြောဆိုသွားကြောင်း သိရသည်။

“ဖမ်းတာတော့ ဟုတ်ပါပြီ။ ဒီလိုဖမ်းသင့်တာလည်း ကြာပြီ။ ဒါပေမဲ့ ဒဏ်ကြေးအများကြီး ယူတာက မလွန်လွန်းဘူးလားပေါ့။ ကားအမျိုးအစားပေါ် မူတည်ပြီး ကောက်တယ်။ တချို့ကားဆိုရင် ခုနစ်သိန်း ရှစ်သိန်း ပေးရတယ်လို့ ပြောတယ်။ အဆင်မပြေဘူး” ဟု နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်စည်းကမ်းမလိုက်နာခြင်းကြောင့် ဖမ်းဆီးခံရသည့် ကားနှင့် ဆိုင်ကယ်များပေါ်တွင် “လူကြီးမင်း၏ မော်တော်ယာဉ်သည် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း မလိုက်နာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Wheel lock ခတ်ထားပါသည်။ ယာဉ်ထိန်းရုံးသို့ လာရောက်ပါရန်” ဟု ဆိုကာ ဖုန်းနံပါတ်နှင့်အတူ စာကပ်ထားကြောင်း သိရသည်။

လားရှိုးမြို့သည် တရုတ်အစိုးရ၏ ဖိအားကြောင့် ကိုးကန့်တပ် (MNDAA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

စာတည်း-ကိုဆန်း