Khaosod English
ထိုင်းနိုင်ငံတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းကို တရားမဝင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်နှင့် ထိုလုပ်ငန်းခွင်အတွင်းရှိသူများကို အလုပ်သမား အကာအကွယ်ပေးမှုများ တိုးမြှင့်ပေးရန်အတွက် ဥပဒေကြမ်းတစ်ရပ်ကို Empower Foundation က မေလ ၂၈ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
လိင်လုပ်သားများအရေး ဆောင်ရွက်နေသည့် အဆိုပါ ဖောင်ဒေးရှင်းက “လိင်ဝန်ဆောင်မှုပေးသူများ အကာအကွယ်ပေးရေး အက်ဥပဒေကြမ်း” ကို နံနက် ၁၀:၃၀ နာရီတွင် အောက်လွှတ်တော်သို့ လာရောက်တင်ပြခဲ့ရာ၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန်း ဇာရမ်ကိုယ်စား ၎င်း၏ အကြံပေးပုဂ္ဂိုလ်က လက်ခံရယူခဲ့သည်။
လက်ရှိကျင့်သုံးနေသည့် ၁၉၉၆ ခုနှစ် ပြည့်တန်ဆာလုပ်ငန်း ကာကွယ်တားဆီးရေးနှင့် နှိမ်နင်းရေး အက်ဥပဒေသည် ခေတ်မမှီတော့ဘဲ မိမိသဘောဆန္ဒအလျောက် လုပ်ကိုင်နေသည့် လိင်လုပ်သားများကိုပါ ရာဇဝတ်ကောင်များသဖွယ် သတ်မှတ်ထားခြင်းကြောင့် ၎င်းတို့အနေဖြင့် ခေါင်းပုံဖြတ်ခံရခြင်း၊ အလွဲသုံးစားလုပ်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု ဖောင်ဒေးရှင်း ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
အခုအဆိုပြုထားသည့် ဥပဒေသည် ၁၉၉၆ ခုနှစ် အက်ဥပဒေကို ရုပ်သိမ်းပြီး၊ လိင်ဖျော်ဖြေရေးလုပ်ငန်းကို တရားဝင် အလုပ်သမားလုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုကာ အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနည်းတူ အခြေခံ အကာအကွယ်ပေးမှုများကို ရရှိခံစားနိုင်စေရန် ရည်ရွယ်သည်။
“ဒီဥပဒေကြမ်းဟာ လိင်လုပ်ငန်းကို အားပေးအားမြှောက်ပြုတာ မဟုတ်ပါဘူး၊ ဒါဟာ ဒီအလုပ်ကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့နဲ့ သူတို့လည်း တခြားသူတွေလိုပဲ အခြေခံအခွင့်အရေးတွေကို တန်းတူရရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဘာမှလည်း ပိုမတောင်းဆိုသလို၊ လျော့လည်း မတောင်းဆိုပါဘူး”” ဟု အဆိုပါ ကိုယ်စားလှယ်က ဆိုသည်။
“Empower Foundation က ယခုဥပဒေပြုသည် ဝန်ဆောင်မှုရယူသူများနှင့် လုပ်ငန်းရှင်များ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းဖြေရှင်းပေးမည်ဖြစ်ပြီး၊ ပတ်သက်ဆက်နွှယ်နေသူ အားလုံးကို အကာအကွယ်ပေးနိုင်ရန်အတွက် ဥပဒေကြောင်းဆိုင်ရာ မူဘောင်တစ်ရပ် လိုအပ်နေကြောင်း ပြောကြား သည်။
ဓာတ်ပုံ – Khaosod English
