By Ko Myo / MPA
စစ်ကော်မရှင်က လစဉ် အဓမ္မစုဆောင်းရရှိသည့် စစ်မှုထမ်းအရေအတွက်သည် ခန့်မှန်းသည်ထက် ပို မိုများပြားပြီး အလင်းဝင်နှင့် ထွက်ပြေးလွတ်မြောက်လာသူ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းက သင်တန်းဆင်းခဲ့သော ပြည်သူ့စစ်မှုထမ်း အပတ်စဉ်၁၂၏ စစ်မှုထမ်းတပ်သား ကိုယ်ပိုင်အမှတ်စဥ်သည် ၆ သောင်းဝန်းကျင်ထိ ရောက်ရှိလာပြီး လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ်၁၄အ ထိ လေ့ကျင့်သင်တန်းဆင်းပေးထားကာ အပတ်စဉ် ၁၇ထိ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း MIDS(Myanmar Defense& Security Institute)က ဆိုသည်။
“အပတ်စဉ် ပျမ်းမျှ ၅၀၀၀ ဝန်းကျင် စုလို့ရနေတဲ့ သဘောပါပဲ”ဟု MIDS စစ်ဘက်သုတေသနတာဝန် ခံ CDMဗိုလ်မှူး နောင်ရိုးက MPAသို့ပြောသည်။
စစ်ကော်မရှင်သည် လစဉ် လူငယ်၅၀၀၀ ဝန်းကျင်ကို အဓမ္မဖမ်းဆီးစုဆောင်း လေ့ကျင့်၍ ရှေ့တန်း စစ်မြေပြင်ဆီ ပို့ဆောင်အသုံးချနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပူးပေါင်း ထွက်ပြေးလွတ်မြောက်လာသူမှာ NUGအစိုးရနှင့် ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့်စာရင်းများအရ ၃၀၀၀ ဝန်းကျင်သာ ရှိမည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။
“တချို့လည်း စာရင်းမပေါက်၊စာရင်းမပါနေတာမျိုးလည်း အနည်းအကျဉ်း ရှိနေနိုင်ပါတယ်။နေရာဒေ သစုံ၊တပ်ဖွဲ့စုံဆိုတော့ စာရင်းခန့်မှန်းဖို့က အတော်လေး ခက်ပါလိမ့်မယ်။ထုတ်ပြန်ထားတဲ့ စာရင်းအ ချက်အလက် အရတော့ ၃၀၀၀ တောင် မကျော်နိုင်သေးဘူး ခန့်မှန်းရတာပဲ”ဟု CDMဗိုလ်မှူးနောင်ရိုး ကပြောသည်။
စစ်တပ်၏ ဝါဒဖြန့်ခြိမ်းခြောက်မှုများကို ယုံကြည်ကြောက်ရွံ့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်း နှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းများက စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေသည့် အဓိကအကြောင်းရင်းများ ဖြစ်ကြောင်း MDSI က သုံးသပ်သည်။
ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသူများမှ ပိုနေသူများကို အမြဲတမ်းစစ်မှုထမ်း စစ်အခြေခံသင်တန်းများသို့ စာရင်းသွင်း တက်ရောက်စေခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
စစ်တပ်သည် လစဉ် စစ်မှုထမ်းသင်တန်းသား သတ်မှတ်အရေအတွက်ထက် ပြည့်မီကျော်လွန်ရရှိအောင် နည်းလမ်းပေါင်းစုံသုံးကာ လုပ်ဆောင်နေသဖြင့် နိုင်ငံအနှံ့တွင် အဓမ္မပေါ်တာဆွဲ စုဆောင်းမှုများ နှင့် လူဖမ်းဆီး အရောင်းအဝယ်ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း MDSI ကဆိုသည်။
စာတည်း-ML
