နမ့်ခမ်းမြို့တွင် ယမ်းစက်ရုံပေါက်ကွဲမှုဖြစ် နှစ်ဦးသေဆုံး၊ ဆယ်ဦးကျော်ဒဏ်ရာရ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက် ဘောလုံးကွင်းနာရှိ ယမ်းစက်ရုံ ပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးကာ၊ ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

ယနေ့၊ မွန်းလွဲ ၁၂နာရီ မိနစ် ၃၀ခန့်တွင် နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက်ရှိ ယမ်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည့်အပြင် လူနေအိမ် ၂၀ကျော်ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျမ ခြေထောက်နဲ့ လက်တော့ မှန်စ ရှပ်ထိသွားတယ်။ ဒဏ်ရာတော့ အရမ်းကြီးမများဘူး။ အိမ်ကတော့ ရစရာမရှိဖြစ်သွားတယ်။ မလှမ်းမကမ်းမှာ နေတာ။ အဲ့ဒီနားကတော့ ပျက်စီးမှုတွေများတယ် ” ဟု မြေပြင် သတင်းရင်းမြစ် အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လသားအရွယ် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ကလည်း စစ်ကော်မရှင်သည် နမ့်ခမ်းမြို့ကို လေကြောင်းဖြင့် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့သေးသည်။

“မနေ့က တစ်နေ့လုံးကင်းထောက် ပျံသန်းတာလုပ်သွားတယ်။ အစကတော့ စစ်တပ် ဗုံးကြဲတာလို့ ထင်တာ၊ နောက်တော့မှ ယမ်းစက်ရုံပေါက်ကွဲတာလို့သိရတယ်” ဟု နမ့်ခမ်းမြို့ခံ၊ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေသခံ ပရဟိတလူမှုကူညီရေးအသင်းများက ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ် လာရောက်သယ်ဆောင်ကာ ဆေးကုသမှုပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲရသည့် အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် အခြားဆက်စပ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်ဟု TNLA ကလည်း ထုတ်ပြန်ထားသည်။
 
ထိုကြောင့် မိဘပြည်သူလူထုများအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်ကြရန်နှင့် လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးသော သတင်းအချက်အလက်များကို မျှဝေခြင်း မပြုကြဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန် TNLA က အသိပေးထားသည်။
 
ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးမှုများ ပြီးစီးပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု TNLA က ဆိုသည်။