နိုင်ငံရေးနှင့် စီးပွားရေး ပြဿာနာများအတွက် စိုးရိမ်ရန်မလိုဟု မြန်မာနိုင်ငံကို အောက်ဆုံးရောက်အောင်လုပ်ခဲ့သည့် အတုအယောင် သမ္မတမင်းအောင်လှိုင်က ယနေ့( မေ ၃၁ရက်)တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မင်းအောင်လှိုင်က အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေကြောင်း ကိစ္စရပ်များနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုနိုင်ရန် လက်ရှိတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံရေးအရ ပိုမိုခိုင်မာမှုရှိစေရန် မိမိတို့အနေဖြင့် အပြည့်အဝ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံရေးအရ ရှေ့လျှောက် ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာမျိုးကိုမဆို စီးပွားရေးသမားများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်းနှင့် နိုင်ငံရေးနှင့် ပတ်သက်၍ ပူပန်မှုမရှိကြရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။
အလားတူ စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍လည်း ပူပန်မှုမရှိဘဲ ခိုင်မာအောင် လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် မိမိတို့ကို ယုံကြည်စိတ်ချစွာဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အိန္ဒိယ စီးပွားရေးသမားများကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။
အကယ်၍ မိမိတို့ဘက်က အာမခံချက် မပေးနိုင်ပါက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် မည်သို့မျှ ဖိတ်ခေါ်မည်မဟုတ်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များနှင့် မိမိတို့အကြား ပူးပေါင်းလုပ်ဆောင်သည့်အခါတွင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးအမြတ်ရှိစေမည့် ကိစ္စမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ် အနည်းငယ်သာယူပြီး ကုန်ပစ္စည်းများကို လူအများအပြားထံ များများရောင်းချနိုင်မည့် နည်းလမ်းကို ပိုမိုစဉ်းစားစေချင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာပြည်ဈေးကွက်အတွင်း လာရောက်ရောင်းချပါက သေချာပေါက် အကျိုးအမြတ်ရှိမည် ဖြစ်သော်လည်း အချို့သော စီးပွားရေးသမားများသည် အမြတ်များများယူ၍ နည်းနည်းသာ လုပ်ကိုင်ကြသည့် အခြေအနေများ ရှိနေကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်များများရရှိရန်ကိုသာ အဓိက ဦးစားမပေးဘဲ ကုန်ပစ္စည်းများကို အများပြည်သူထံ များများရောက်ရှိ ရောင်းချနိုင်ရေးအတွက်သာ အားစိုက်ကြိုးစားကြရန် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
