မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်၁၂ရပ်ကွက်အတွင်း သန်းခေါင်ယံအချိန် မီးလောင်ကျွမ်းခဲ့ရာ အိမ်၁၂လုံးထက်မနည်း ပြာကျခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်တစ်ရက်)နံနက် ၁၂နာရီ၅၂မိနစ်ခန့်တွင် မြင်းခြံမြို့၊အမှတ်၁၂ရပ်ကွက်၊မင်းကျောင်းဝင်း အနောက်ဘက်၌ လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရ ကြောင်း အဖြူရောင်လက်များ အသင်း-မြင်းခြံက သတင်းထုတ်ပြန်ထားသည်။
“မီးလောင်တာက လူတွေအိပ်ချိန်ဆိုတော့ အကုန်ဝရုန်းသုန်းကားပဲ။မီးသတ်တို့ဘာတို့က ချက်ချင်း မသိဘူး။မီးအားကောင်းချိန်မှာ မီးငြှိမ်းရတာဆိုတော့ အချိန်ယူရတယ်။မနက်၂နာရီ၂၀မှ မီးငြိမ်း တယ်”ဟု မြင်းခြံမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်ရခြင်းအကြောင်းနှင့် ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကို ယနေ့ညနေပိုင်းအတွင်း မြင်းခြံမြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေး ကြောင်း သိရသည်။
