The Japan Times
အပူပိုင်း Jangmi မုန်တိုင်း ဂျပန်နိုင်ငံတွင် ယနေ့ ဇွန်လ ၃ ရက် ဒေသစံတော်ချိန် အရုဏ်တက်ချိန်က ဝါကာယာမခရိုင် တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး၊ ဂျပန်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသ အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများနှင့်အတူ ရေကြီးရေလျှံမှု သတိပေးချက်များ ပေါ်ပေါက်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြောင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ ရထားနှင့် လေကြောင်းခရီးစဉ်များလည်း ပြတ်တောက်လျက်ရှိရာ တိုကျိုမြို့ပြဧရိယာတွင် ရထားလိုင်းများ ဖျက်သိမ်းခြင်းနှင့် ကြန့်ကြာမှုများရှိနိုင်ကြောင်း ရထားလုပ်ငန်းအဖွဲ့အစည်းများက သတိပေးထားသည်။
လေကြောင်းလိုင်းများကလည်း Haneda Airport သို့ ပြေးဆွဲမည့် ခရီးစဉ်များအပါအဝင် လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့သည်။
နံနက် ၈ နာရီအချိန် တိုင်းတာချက်များအရ အဆိုပါတိုင်ဖုန်းမုန်တိုင်းသည် Mie Prefecture ခရိုင်၊ Shima မြို့၏ အရှေ့-အရှေ့တောင်ဘက် ၄၀ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြုနေပြီး၊ အရှေ့-အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၄၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေသည်။
မုန်တိုင်း၏ ဗဟိုချက်လေဖိအားမှာ ၉၈၀ ဟက်တိုပါစကယ် (hectopascals) ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၃၅ မီတာအထိ ရှိနေကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
တိုင်ဖုန်းမုန်တိုင်းကြောင့် လုပ်ငန်းလည်ပတ်မှုများ ထိခိုက်ခဲ့သဖြင့် လေကြောင်းလိုင်းများကလည်း လေကြောင်းခရီးစဉ် အမြောက်အမြားကို ဖျက်သိမ်းခဲ့သည်။
NHK ၏ ဖော်ပြချက်အရ အဓိက ပြည်တွင်းလေကြောင်းလိုင်းများသည် ဗုဒ္ဓဟူးနေ့တွင် ဟာနေဒါလေဆိပ်သို့ အဝင်အထွက် ပြေးဆွဲမည့် ခရီးစဉ်များအပါအဝင် ပြည်တွင်းခရီးစဉ် ၇၆၀ ခန့်နှင့် နိုင်ငံတကာခရီးစဉ် ၉၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းခရီးစဉ် ဖျက်သိမ်းမှုများတွင် Japan Airlines မှ ၂၉၂ ခု၊ All Nippon Airways မှ ၂၃၂ ခု၊ Skymark မှ ၇၀ ခု၊ Solaseed Air မှ ၃၇ ခု၊ Peach Aviation မှ ၃၂ ခု၊ Jetstar Japan မှ ၃၁ ခု၊ Air Do မှ ၂၈ ခု၊ StarFlyer မှ ၂၂ ခု၊ Japan Transocean Air မှ ၅ ခု၊ Fuji Dream Airlines နှင့် IBEX Airlines မှ ၄ ခုစီနှင့် Spring Japan မှ ၂ ခုတို့ ပါဝင်သည်။
ထို့ပြင် ANA က နိုင်ငံတကာခရီးစဉ် ၅၅ ခုကို ဖျက်သိမ်းခဲ့ပြီး JAL က ၃၇ ခု ဖျက်သိမ်းခဲ့သည်။
