ရွှေပြည်သာက LIDA စက်ရုံလုပ်သားတောင်းဆိုမှု လူပိုတိုးပြီး အရှိန်ပိုတက်လာ၊ စက်ရုံတွင်းမှ ရဲစခန်းအထိ ဝင်ရှင်းနေရ

ဓာတ်ပုံ - ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂ
ဆဲဆိုသည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ပေးရန် LIDA စက်ရုံဝန်ထမ်းများတောင်းဆိုနေကြသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်း၊ အမှတ် (၁၅၉) ရှိ LIDA Myanmar အထည်ချုပ်စက်ရုံက မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ထုတ်ပေးရန် စက်ရုံလုပ်သားများ၏ တောင်းဆိုမှု အရှိန်ပိုမိုမြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့သည် စက်ရုံဝန်ထမ်းများကို ညဆိုင်းမဆင်း၍ဆိုပြီး ရုန့်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာမှုပြုလုပ်ခဲ့သည့်အပေါ် မကျေနပ်၍ လုပ်သား ၁၀၀ ကျော်က ဇွန်လ ၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယခု ဇွန်လ ၄ ရက်နေ့အထိ ယင်းကိစ္စ မပြေလည်သေးဘဲ နောက်ထပ် ဝန်ထမ်း ၆၀ ခန့်ထပ်မံပူးပေါင်းလာပြီး စက်ရုံတွင်းမှ နယ်မြေရဲစခန်းက ဝင်ရောက်ဖြေရှင်းရသည်အထိ အရှိန်မြင့်တက်လာကြောင်း ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့ထံမှ သိရသည်။

“အခုဆို စက်ရုံမှာ စူပါ ခေါ်လာတဲ့အလုပ်သမား ၅၀ လောက်ကလွဲရင် အားလုံးကျွန်တော်တို့အတူတကွ ပူးပေါင်းပါဝင် တောင်းဆိုနေကြပါတယ်။ ဒီနေ့ ၁၀ နာရီ ဇုန်ရုံးမှာ ညှိမယ် ပြောပါတယ်။ အလုပ်သမားတွေက အားလုံး လိုက်ခဲ့ချင်ပေမဲ့ လှော်ကားစခန်းက နယ်ထိန်းလို့ပြောတယ်။ သူက (၁၀/၁၅)ယောက်ဘဲ ထွက်ရမယ်လို့ ပြောပါတယ်။ အလုပ်သမားတွေက တားမရလို့ ၃၀ ကျော်ထွက်လာပြီး ဇုန်ရုံးမှာ ညှိကြပါတယ်။ မပြေလည်ပါဘူး” ဟု အဆိုပါစက်ရုံအတွင်း ဦးဆောင်တောင်းဆိုနေသော အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

ထိုသို့ ပြေလည်မှုမရရှိသေးသည့်အတွက် ထပ်မံညှိနှိုင်းရန်ရှိနေသေးပြီး Lida စက်ရုံဝန်ထမ်းများကို ကူညီပေးရန် ရွှေပြည်သာမြို့နယ် အထည်ချုပ်အဖွဲ့ကို အကူအညီတောင်းထားကြောင်း အလုပ်သမားခေါင်းဆောင်အချို့က ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အချိန်ပို(OT)ကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ညပိုင်းတွင် ညလုံးပေါက်အလုပ်ဆင်းခိုင်းခဲ့သည်ကို အလုပ်သမားများက မဆင်းနိုင်ကြောင်း ပြန်လည်ပြောကြားရာမှ ထုတ်လုပ်ရေး မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးဖြစ်သူတို့က ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ LIDA စက်ရုံက ယူအေအီးနိုင်ငံ (UAE – United Arab Emirates)၊ ဒူဘိုင်းမြို့မှာ အခြေစိုက်ထားသည့် ကမ္ဘာကျော် Splash (Splash Fashions) အမှတ်တံဆိပ်များကို ချုပ်လုပ်ပေးနေသည်။


စာတည်း – ကိုထားဝယ်