NLD အစိုးရလက်ထက် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးထုတ်လုပ်မှု များပြားလာခြင်းကို မင်းအောင်လှိုင် ဝန်ခံ

ဓာတ်ပုံ-DD India

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ပိုမိုကြီးထွားလာခဲ့ကြောင်းနှင့် ယခင် အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အထိ မူးယစ်ဆေးဝါးပြဿနာကို တော်တော်ကြီး ထိန်းချုပ်နိုင်ခဲ့ကြောင်း အတုအယောင် သမ္မတ မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့စဉ်က မင်းအောင်လှိုင်သည် ဒေသတွင်း အခြေစိုက် DD India သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အင်တာဗျူးတွင် ယခင် ဗဟိုအစိုးရဦးစီးသည့် စနစ်ကြောင့် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုများမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများတွင် ရပ်တည်နိုင်ရန်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ဒါပေမယ့် ၂၀၂၀ လောက်ထိ တော်တော်ကြီး ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်ခဲ့ပြီးမှ ၂၀၂၁ မှာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပိုပြီးကြီးထွားလာတယ်” ဟု မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်မှ ရရှိသည့် သတင်းအချက်အလက်များကို မျှဝေခြင်းနှင့် အိန္ဒိယဘက်မှ ဖမ်းဆီးနှိမ်နင်းခြင်းများကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ကြောင်း၊ ဤပြဿနာကို ပြီးပြတ်အောင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် တည်ငြိမ်သည့် နိုင်ငံရေးဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ၎င်းတို့ တာဝန်ယူထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီခိုင်မာအောင် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးအရ တောင်းဆိုချက်များကို ဒီမိုကရေစီနည်းလမ်းကျစွာ ညှိနှိုင်းဖြေရှင်းသွားပါက လက်နက်ကိုင်ဆူပူမှုများ လျော့နည်းသွားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ကန့်သတ်နိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယကို ဆန့်ကျင်ဘက်ပြုနေသည့် အဖွဲ့အစည်းများသည် နယ်စပ်တစ်လျှောက်တွင် ခိုလှုံကာ နှောင့်ယှက်မှုများ ပြုလုပ်နေသဖြင့် ၎င်းတို့ကိုပါ တစ်ပြိုင်တည်း နှိမ်နင်းသွားရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

“မင်းအောင်လှိုင်ရဲ့ ပြောကြားချက်မှာ အဓိက ထင်ဟပ်နေတာက နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ NLD အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့ ၂၀၂၀ အထိ မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင် ဗူးပေါ်သံလို ဝန်ခံလိုက်ရတာပါပဲ။ ဒုတိယအချက်ကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကပဲ မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်သယ်ယူမှုကို ပိုပြီး ကြီးထွားလာစေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။

မင်းအောင်လှိုင်က မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ပုံချလိုသော်လည်း လက်တွေ့တွင် စစ်အာဏာသိမ်းမှုကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့သွားခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူက ထောက်ပြသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များနှင့် ပြည်သူ့စစ်အဖွဲ့များကိုယ်တိုင် မူးယစ်ဆေးဝါးနှင့် လောင်းကစား (Scam) လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် မင်းအောင်လှိုင် အနေဖြင့် နယ်စပ်တည်ငြိမ်ရေးနှင့် ဒီမိုကရေစီနည်းလမ်းကျ ညှိနှိုင်းဆောင်ရွက်မည်ဟု ပြောဆိုနေသော်လည်း လက်တွေ့မြေပြင်တွင်မူ တစ်နိုင်ငံလုံးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မင်းအောင်လှိုင်သည် ယခုနှစ်အတွင်း အတုအယောင် ရွေးကောက်ပွဲများ ပြုလုပ်ပြီးနောက် ၎င်းကိုယ်တိုင် သမ္မတအဖြစ် ခန့်အပ်ကာ အရပ်သားအစိုးရ ပုံစံပြောင်းလဲရန် ကြိုးပမ်းနေပြီး ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း ပထဝီဝင်နိုင်ငံရေးနှင့် နယ်စပ်လုံခြုံရေးပြဿနာများကို အသုံးချကာ စစ်ကော်မရှင်အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုလာစေရန် လှည့်စားပြောဆိုမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ထောက်ပြထားကြသည်။