အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ ကမ္ဘာကျော် ဂျွန် အက်ဖ် ကနေဒီ အနုပညာစင်တာ(The Kennedy Center) အဆောက်အအုံကြီးပေါ်မှ သမ္မတ ဒေါ်နယ်ထရမ့်၏ အမည်ကို ပြန်လည်ဖယ်ရှားပစ်ရန် ဖက်ဒရယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
အဆိုပါဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရန် ကနေဒီစင်တာ၏ အထွေထွေဥပဒေအကြံပေးအဖွဲ့က ရုံးအဖွဲ့ဝန်ထမ်းများထံသို့ ဇွန်လ ၄ ရက် ကြာသပတေးနေ့တွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း နီးစပ်သူနှစ်ဦးထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယင်းညွှန်ကြားချက်သည် လွန်ခဲ့သည့်နှစ်အတွင်းက သမ္မတထရမ့်၏ အမိန့်ဖြင့် ပြောင်းလဲထားခဲ့သော အဆောက်အအုံအမည်ကို မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲရန် ပထမဆုံးအကြိမ် တရားဝင်ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။
ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသည့် အဆိုပါ လျှို့ဝှက်မှတ်တမ်းအရ ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့၏ ရုံးသုံးအီးမေးလ်လက်မှတ်များ၊ ရုံးသုံးစာခေါင်းတွဲများနှင့် အခြားစာရွက်စာတမ်းများတွင် မူလအမည်ဖြစ်သော The John F. Kennedy Center for the Performing Arts သို့မဟုတ် Kennedy Center ဟူသည့် အမည်ကိုသာ ချက်ချင်း ပြန်လည်ပြောင်းလဲအသုံးပြုရန် အမိန့်ပေးထားသည်။
ထို့ပြင် အဆောက်အအုံအပြင်ဘက်ရှိ ဗီနိုင်းဆိုင်းဘုတ်များ၊ လက်ကမ်းစာစောင်များနှင့် ဝက်ဘ်ဆိုက်စာမျက်နှာများပေါ်ရှိ ထရမ့်၏အမည်ကိုပါ လာမည့် ဇွန်လ ၁၂ ရက်နေ့ထက် နောက်မကျဘဲ အပြီးသတ် ဖယ်ရှားပစ်ရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သမ္မတထရမ့်သည် အဖြူရောင်စကျင်ကျောက်ပြားဖြင့် တည်ဆောက်ထားသည့် အဆိုပါ အဆောက်အအုံကြီး၏ အရှေ့မျက်နှာစာတွင် ကနေဒီအမည်၏ ရှေ့၌ ၎င်း၏ Trump ဟူသောအမည်ကို ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်အပေါ် ကနေဒီစင်တာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အိုဟိုင်းယိုးပြည်နယ် ဒီမိုကရက်တစ်လွှတ်တော်အမတ် ဂျွိုက်စ် ဘီတီ က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအပေါ် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင် ဝါရှင်တန်ဒီစီ ဖက်ဒရယ်တရားသူကြီး ခရစ္စတိုဖာ ကူးပါး က အမေရိကန်လွှတ်တော် (Congress) ၏ သဘောတူညီချက် ဥပဒေတစ်ရပ်မပါဘဲ ကနေဒီစင်တာကို အမည်ပြောင်းလဲ၍မရကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ ၁၄ ရက်အတွင်း Trump Kennedy Center ဟူသော အမည်နာမများနှင့် ဆိုင်းဘုတ်အားလုံးကို အပြီးတိုင် ဖယ်ရှားရန် အိမ်ဖြူတော်အစိုးရအဖွဲ့ကို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရစ်ပတ်ဘလီကန်သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်၏ အမည်ကို အဆောက်အအုံကြီးပေါ်မှ ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်နေ့ရက်တွင် ဖြုတ်ချမည်ဆိုသည်ကိုမူ တိတိကျကျ မသိရသေးပေ။
အဆိုပါ ကနေဒီစင်တာကို ၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ရသည့် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီကို ဂုဏ်ပြုသောအားဖြင့် ၁၉၇၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သမ္မတထရမ့်သည် ဘုတ်အဖွဲ့ဝင်အချို့ကို အပြောင်းအလဲလုပ်ကာ ၎င်းကိုယ်တိုင် ဂေါပကအဖွဲ့ဝင်အဖြစ် အမည်စာရင်းသွင်းပြီးနောက် အဆောက်အအုံအမည်ကို ထရမ့်အမည်ပါဝင်အောင် ဘုတ်အဖွဲ့မဲခွဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ် ကနေဒီစင်တာကို အဆင့်မြှင့်တင်ရန် ထရမ့်၏ အစီအစဉ်သည် ဝါရှင်တန်ဒီစီ မြို့တော်အလယ်ဗဟိုရှိ အထိမ်းအမှတ် အဆောက်အအုံကြီးများကို ပုံစံသစ်ဖြင့် ပြန်လည်ဖော်ဆောင်မည့် ၎င်း၏ မဟာဗျူဟာမြောက် စီမံကိန်းကြီးများထဲက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ကြာသပတေးနေ့ကလည်း သမ္မတထရမ့်သည် လင်ကွန်းအထိမ်းအမှတ်ဗိမာန် (Lincoln Memorial) သို့ သွားရာလမ်းတွင် လမ်းလျှောက်လူသွားလမ်းမကြီး (Promenade) တစ်ခု တည်ဆောက်ရန် စီမံကိန်းရှိကြောင်း ကြေညာခဲ့သည့်အပြင်၊ အမြင့် ပေ ၂၅၀ ရှိသော အမိုးခုံး မုခ်ဦးကြီးတစ်ခု တည်ဆောက်ရန်နှင့် ဖျက်သိမ်းလိုက်သည့် အိမ်ဖြူတော်အရှေ့ဘက်ဆောင် (East Wing) နေရာတွင် စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းသည့် ကပြဖျော်ဖြေပွဲခန်းမကြီးတစ်ခုကိုပါ တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
