Business Insider
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများတွင် ကွပ်ကဲပေးနေကြောင်း ယူကရိန်းအစိုးရက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားထားသည်။
ယူကရိန်း၏ အသေးစိတ်ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားစစ်သားများသည် ရုရှား၏ ကတ်စ်ခ် ဒေသတွင် လှုပ်ရှားနေကြောင်း၊ ရုရှားက ယူကရိန်း၏ ထိုးစစ်များကို ပြန်လည်တိုက်ခိုက်ရာတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီး၌ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်များကို စေလွှတ်အကူအညီပေးခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားတပ်ဖွဲ့များသည် ကတ်စ်ခ်မှနေ၍ ဆူမီ ဒေသရှိ ယူကရိန်းပိုင်နက်ပေါ်တွင် ဝေဟင်ထောက်လှမ်းရေး မစ်ရှင်များ ဆောင်ရွက်ရန် ဒရုန်းများကို အသုံးပြုနေကြောင်း၊ စစ်တပ်၏ နေရာချထားမှုများကို ဖော်ထုတ်ကာ သတ်မှတ်ထားသော ပစ်မှတ်များအား ရုရှားက နောက်ဆက်တွဲ တိုက်ခိုက်မှုများကို ပံ့ပိုးပေးနေကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် မြောက်ကိုရီးယား ဒရုန်းမောင်းနှင်သူများနှင့် ရုရှားစစ်တပ် အရာရှိများအကြား ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်” ဟု ယူကရိန်း က တယ်လီဂရမ် မက်ဆေ့ဂျ်ပို့ အက်ပ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယား ဒရုန်းမောင်းနှင်သူများသည် “ယူကရိန်းနေရာချထားမှုများအပေါ် ဒုံးကျည်ပစ်လွှတ်စနစ်များ (multiple launch rocket systems) ၏ ပစ်ခတ်မှုများကို ချိန်ညှိပေးခဲ့သည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြောက်ကိုရီးယားစစ်သားတစ်ဦးက FPV ဒရုန်းများ စုပုံထားရာဘေးတွင် ထိုင်နေပုံရသည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းဒရုန်းများသည် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး မစ်ရှင်များအတွက်ပါ အသုံးပြုသည့် စျေးသက်သာသော ဒရုန်းများဖြစ်သည်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များက ဆူမီပြည်နယ်အတွင်းရှိ ရုရှား၏ စစ်ဆင်ရေးများကို မည်မျှကြာအောင် ပံ့ပိုးပေးနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ၎င်း၏တပ်ဖွဲ့ဝင်များသည် ယခုလတွင် အဆိုပါဒေသရှိ ရုရှားထိုးစစ်ကို ဟန့်တားနိုင်ခဲ့ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆောင်းဦးရာသီက မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ခန့်ကို ရုရှားထံ စေလွှတ်ခဲ့ရာ ယူကရိန်း၏ အံ့အားသင့်ဖွယ် ထိုးစစ်အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသော စတုရန်းမိုင် ရာပေါင်းများစွာရှိသော နယ်မြေများကို ရုရှားက ပြန်လည်သိမ်းပိုက်နိုင်ရန် ကူညီပေးခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားသို့ တပ်ဖွဲ့များ မစေလွှတ်မီ အဓိကတိုက်ခိုက်ရေး စစ်ဆင်မှုများတွင် အတွေ့အကြုံမရှိခဲ့ပေ။
ရုရှားက ၎င်းတို့အား ဒရုန်းစစ်ဆင်ရေး၊ အမြောက်တပ်၊ ခြေလျင်တပ် နည်းဗျူဟာနှင့် မြေကတုတ်များ ရှင်းလင်းရေးတို့တွင် လေ့ကျင့်ပေးခဲ့သည်။ ကတ်စ်ခ်သို့ စေလွှတ်ခဲ့သော စစ်သားများကို ရက်စက်ကြမ်းကြုတ်သော ရှေ့တန်းတိုက်ခိုက်မှုများအတွက် အဓိက အသုံးပြုခဲ့သည်။ ယူကရိန်းများက ၎င်းတို့သည် အမြောက်စာမျှသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အနောက်တိုင်း ထောက်လှမ်းရေးများက ယခုနှစ်အစောပိုင်းတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ယူကရိန်းကို တိုက်ခိုက်ရာတွင် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်း ရှိသည်ဟု ခန့်မှန်းခဲ့သည်။ ကြာသပတေးနေ့တွင် Kyiv မှ ထွက်ပေါ်လာသော နောက်ဆုံးအခြေအနေအရ ပြုံယမ်းတပ်ဖွဲ့ဝင်များသည် ပို၍ ပံ့ပိုးမှုအခန်းကဏ္ဍကို ရယူထားသည်ဟု ယူဆရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏တပ်ဖွဲ့ဝင်များသည် ရုရှားတွင် အထိနာခဲ့သည်ကို ဝန်ခံခဲ့သည်။ ပြီးခဲ့သည့်နှစ်က တပ်ဖွဲ့များ စေလွှတ်မှုသည် ဒဏ်ခတ်အရေးယူခံထားရသော နိုင်ငံနှစ်ခုအကြား ဆက်ဆံရေး ပိုမိုနီးကပ်လာခြင်း၏ လက္ခဏာဖြစ်သည့် မော်စကိုနှင့် ပြုံယမ်းတို့က အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ၎င်း၏စစ်သားများအပြင် ဒုံးကျည်များနှင့် အမြောက်မြားအပြင် ခဲယမ်းမီးကျောက်များကိုပါ ရုရှားထံ ထောက်ပံ့ပေးခဲ့သည်။ ယူကရိန်းက စစ်မြေပြင်တွင် မော်စကိုအား ဆက်ဆံသကဲ့သို့ ပြုံယမ်း၏ စစ်ပွဲတွင် ပါဝင်ပတ်သက်မှုကို အလားတူ ဆက်ဆံသွားမည်ဟု ကတိပြုထားသည်။
ယူကရိန်းစစ်တပ်သည် “လက်နက်ကိုင်ရန်လိုမှုတွင် နိုင်ငံခြားဖွဲ့စည်းပုံများ ပါဝင်ပတ်သက်ခဲ့သည့် အတည်ပြုထားသော ဖြစ်ရပ်အားလုံးကို စာရင်းသွင်း မှတ်တမ်းတင်လျက်ရှိသည်” ဟု ယူကရိန်းအစိုးရ၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှား၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယူကရိန်းကို တိုက်ခိုက်ရာတွင် အလွန်အမင်း အထိနာဆုံးရှုံးမှုများ ရှိခဲ့သည်။ ယခုနှစ်အစမှစ၍ စစ်သား ၃၃၂,၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
