စစ်မှုထမ်းတပ်သား၇ဦး ကေအဲန်ယူထံ အလင်းဝင်

ဓာတ်ပုံ- ကေအဲန်ယူ- ခလယ်လွီထူ ခရိုင်
ပုံစာ-အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား၇ဦး။

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီး(လယ်ဒို)မြို့နယ်အတွင်း စစ်မှုထမ်းတပ်သား ၇ဦး အလင်းဝင်လာကြောင်း ကေအဲန်ယူက ယနေ့(အောက်တိုဘာ၁၇ရက်) သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်ရှိ KNLA တပ်ရင်း၉ထံသို့ အောက်တိုဘာ၁၅ရက်တွင် စစ်မှုထမ်းအပတ်စဉ် ၇၊ ၁၀နှင့် ၁၃ တို့မှ သင်တန်းဆင်းလာသူ ၇ဦး အလင်းဝင်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ခလယ်လွီထူ ခရိုင်က သတင်းထုတ်ပြန်သည်။

“အခုဒီနှစ်ထဲမှာ ပစ(စစ်မှုထမ်းတပ်သား)တွေ အလင်းဝင်တာ စစ်သားဟောင်းတွေနဲ့ ယှဉ်ရင် သိသိသာသာ များပေမဲ့ စစ်မှုထမ်းအပို့ခံရတဲ့ လူငယ်အရေအတွက်က အခု အနည်းဆုံး ၈သောင်းခွဲ ရှိပြီဆိုတော့ အလင်းဝင်ပစ အရေအတွက် အရမ်းနည်းနေသေးတယ်။ဒါ့ထက်ပိုပြီး အလင်းဝင်လာနိုင် အောင် NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ဘယ်လိုလမ်းကြောင်းထွင်မလဲ စဉ်းစားသင့်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အလင်းဝင်လာသူ ၇ဦးအနက် ၂ဦးမှာ ရောင်းစားခံရပြီး စစ်သားဖြစ်လာခြင်းဖြစ်ပြီး ၎င်းတို့သည် အခက်အခဲအမျိုးမျိုးကြောင့် အလင်းဝင်လာစဉ် လက်နက်များ ယူဆောင်လာနိုင်ခြင်းမရှိကြောင်း ၎င်းတို့ကို တာဝန်ရှိသူများက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ကေအဲန်ယူ- ခလယ်လွီထူ ခရိုင်က ဆိုသည်။

စစ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ကြရန် ကေအဲန်ယူက တိုက်တွန်းထားသည်။

စစ်မှုထမ်းအပတ်စဉ်၁၇ကို စက်တင်ဘာ၁၅ရက်တွင် စစ်ကော်မရှင်က ဖွင့်လှစ်ခဲ့သည်။

စာတည်း-ML