ရေဦးမြို့ပြင်သို့ ခြေလှမ်းအနည်းငယ်သာ ထွက်ရဲသည့် စစ်တပ် မြို့စွန်တွင် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၄ ဦး ပြင်းထန်ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ပြင်သို့ မီတာ ၃၀၀ ခန့်သာထွက်ရဲ‌တော့သည့် စစ်တပ် မြို့ထိပ်တွင် ညဘက် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးကာ ၄ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် ရေဦးမြို့ မြောက်ပိုင်း မြို့အဝင် ဆိုင်းဘုတ်အနီး၌ ကင်းပုန်းဝပ်ရန်လာသည့် စစ်သားနှင့် ပျူ ပူးပေါင်းအင်အား ၁၀ ဦးခန့်ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက် သတင်းထုတ်ပြန်သည်။

“သေဆုံး ဒဏ်ရာရကိုတော့ အတည်ပြုနိုင်ပါတယ်ဗျ။သူတို့ဘက်ကတော့ ညက ပတ်ဝန်းကျင်ကို လက်နက်ငယ်နဲ့ ရမ်းပစ်တာမျိုးတော့ရှိပါတယ်။လက်နက်ကြီး‌တော့ မပစ်ပါဘူး။အခုလို တိုက်ခိုက်တာ အကြိမ်ရေများပါပြီ”ဟု ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းအထိ မြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့်ခြင်း မရှိဘဲ ငြိမ်နေကြောင်း သိရသည်။

ရေဦးမြို့ပေါ်ရှိစစ်တပ်သည် ယခုနှစ်အတွင်း ရေဦးမြို့စွန်၌ ၁၀ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

ရေဦးမြို့ပေါ်တွင် စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားပြီး မြို့ပေါ်၌ ပြည်သူများဆက်လက်နေထိုင်နေသော်လည်း အချို့မှာ နေရပ်စွန့်ခွာပြီးဖြစ်ကြောင်း သိရသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML