လိုင်ဇာမြို့ထဲရှိ မုန်လိုင်ဟိုတယ်အနီး ဒရုန်းဗုံးကျပြီး တရုတ်လူမျိုးနှစ်ဦး ထိခိုက်

ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရှိ မုန်လိုင်ဟိုတယ်အနီးတွင် စစ်ကော်မရှင်တပ်က ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ယမန်နေ့(အောက်တိုဘာ ၁၆ ရက်)၊ ည ၁၁ နာရီဝန်းကျင်၌ လိုင်ဇာမြို့၊ မုန်လိုင်ဟိုတယ်ရှေ့ရှိ စျေးလမ်းမပေါ်သို့ စစ်ကော်မရှင်တပ်၏ ဒရုန်းဗုန်းကျရောက်ပေါက်ကွဲမှုကြောင့် စျေးသည် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရုတ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

“မုန်လိုင်ဟိုတယ်အပေါက်ဝမှာ စျေးလေးတစ်ခုရှိတယ်။ အဲ့ဒီ့စျေးပေါက်ထိပ်က တရုတ်လင်မယားနှစ်ဦး ထိသွားတာပါ၊ မုန်လိုင်ဟိုတယ်နားကို ဒရုန်းဗုံးကျတာ အခုက ပထမဆုံးပါ” ဟု လိုင်ဇာမြို့၌ နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

အဆိုပါ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းနှင့် အမျိုးသားဖြစ်သူမှာ ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ညတွင်းချင်းပင် တရုတ်ပြည်ဘက်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“ပန်ကာသံတွေလည်း ကြားရတယ်။ မြို့ထဲမှာ နေတဲ့လူတွေက လေယာဥ်လာချပြီဆိုပြီး ထင်နေတာ။ အသံကြီးက အကျယ်ကြီးပဲ။ စျေးဆိုင်ခန်းလည်း ခေါင်မိုးပွင့်ပြီး ပျက်စီးသွားတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ မတ် ၁၂ ရက်နှင့် စက်တင်ဘာလယ်တို့တွင်လည်း စစ်ကော်မရှင်က လိုင်ဇာမြို့လယ်နှင့် အနီးဝန်းကျင်ကို အသေခံဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

“ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ကော်မရှင်ကတော့ သူတို့အထိနာပြီဆိုရင် လိုင်ဇာကို ဗုံးလာကြဲတယ်။ အရင်ကလည်း လေယာဥ်တွေနဲ့ လာကြဲတာရှိတယ်။ ပြည်သူတွေအနေနဲ့ကတော့ သတိနဲ့နေဖို့ လိုပါတယ်” ဟု လိုင်ဇာမြို့တွင် နေထိုင်ခဲ့သူတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်၏ တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ရေးထိန်းချုပ်နိုင်ရန်ဟုဆိုကာ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဌာနချုပ်ဟောင်းတည်ရှိရာ လိုင်စင်(လိုင်စင်ပိုစ့်) တို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်လျက်ရှိသည်။

စစ်ကော်မရှင်က ၄င်းတို့၏ ဗျူဟာအရ အရေးပါသည့် တပ်ရင်းများ၊ စခန်းကုန်းများ သိမ်းပိုက်ခံရပါက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နယ်မြေများသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် လိုင်ဇာမြို့နှင် မိုင် ၆၀ ခန့် အကွာအဝေးသာရှိသည့် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး စစ်ကော်မရှင်တပ်ဘက်မှလည်း ဂျက်ဖိုက်တာ၊ စစ်ထောက်ပို့လေယာဥ်နှင့် ဒရုန်းများအသုံးပြု၍ ပြန်လည်ခုခံလျက် ရှိနေသည်။

စာတည်း-ကိုဆန်း