အကျဉ်းကျနေသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ဇနီးဖြစ်တို့ကို ပါကစ္စတန်တရားရုံးက အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်စီ ထပ်မံ ချမှတ်

File photo: AFP
ပုံစာ - ပါကစ္စတန်တရားရုံးက ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ဇနီးတို့ကို အဂတိလိုက်စားမှုအမှုဖြင့် ပြစ်ဒဏ်များထပ်မံချမှတ်ခဲ့သည်။

India Today

ပါကစ္စတန်နိုင်ငံ၏ Pakistan Tehreek-e-Insaf (PTI) ပါတီ တည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ အီမရန်ခန်း၊ ၎င်း၏ဇနီးဖြစ်သူ ဘုရှ်ရှာဘီဘီတို့ကို အဂတိလိုက်စားမှုအမှုဖြင့် တရားရုံးက ယနေ့ ဒီဇင်ဘာ ၂၀ ရက်တွင် ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့ နှစ်ဦးစလုံးသည် သီးခြားပြစ်ဒဏ်များဖြင့် လက်ရှိအချိန်တွင် ထောင်ဒဏ်ကျခံနေရသူများဖြစ်သည်။

ယခုနောက်ဆုံးအမှုသည် ၂၀၂၁ ခုနှစ် မေလအတွင်းက ဝန်ကြီးချုပ်ဟောင်းနှင့် ဇနီးဖြစ်သူတို့၏ တရားဝင်ခရီးစဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသားက အီမရန်ခန်းအား လက်ဆောင်ပေးခဲ့သည့် တန်ဖိုးကြီး Bulgari ကျောက်မျက်ရတနာအစုံအား အမှန်တကယ်တန်ဖိုးထက် များစွာလျှော့နည်းသော ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု မြောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီမရန်ခန်းအား လက်ရှိချုပ်နှောင်ထားသည့် ရာဝယ်လ်ပင်ဒီမြို့ရှိ Adiala အကျဉ်းထောင်အတွင်း ပြုလုပ်သည့် ကြားနာပွဲ၌ အထူးတရားသူကြီး ရှာရွတ်ခ် အာဂျူးမန်က အဆိုပါစီရင်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

တရားရုံးက အီမရန်ခန်းနှင့် ဇနီးတို့အား တစ်ဦးလျှင် ရူပီး ၁၆.၄ သန်းစီ ငွေဒဏ်လည်း ချမှတ်ခဲ့သည်။

တရားရုံးသည် ပြစ်ဒဏ်ချမှတ်ရာတွင် အီမရန် အာမက်ခန်း နီယာဇီ၏ အသက်အရွယ်ကြီးရင့်မှုနှင့် ဘုရှ်ရှာ အီမရန်ခန်းသည် အမျိုးသမီးဖြစ်သည်ဟူသော အချက်များကို ထည့်သွင်းစဉ်းစားကာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ကြောင်းသိရသည်။

အီမရန်ခန်းနှင့် ဇနီးဖြစ်သူတို့၏ ရှေ့နေများက အဆိုပါဆုံးဖြတ်ချက်ကို အထက်တရားရုံးတွင် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် အောက်တိုဘာလအတွင်းက အီမရန်ခန်းနှင့် ဘုရှ်ရှာဘီဘီတို့သည် ဤအမှုရှိ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ကြပြီး၊ ယင်းမှာ လုပ်ကြံဖန်တီးထားသည့်အမှုဖြစ်ကာ ၎င်းအား နိုင်ငံရေးမှ ဖယ်ထုတ်ရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက အကျဉ်းကျနေသည့် အီမရန်ခန်းသည် ယူရို သန်း ၁၉၀ တန်ဖိုးရှိ အဂတိလိုက်စားမှုအမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရဆဲဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် မေလ ၉ ရက် ဆန္ဒပြမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း တရားရင်ဆိုင်နေရဆဲဖြစ်သည်။

သူ၏ ဇနီးဘုရှ်ရှာဘီဘီသည်လည်း အဆိုပါအဂတိလိုက်စားမှုအမှုဖြင့်ပင် ထောင်ဒဏ် ၇ နှစ် ကျခံနေရသူဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်များကို ကျခံနေရစဉ်အတွင်း အီမရန်ခန်းသည် အကျဉ်းထောင်အတွင်း မတရားဆက်ဆံမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ပါကစ္စတန်အစိုးရအပေါ် ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂကပင် ၎င်းအား တစ်ဦးတည်း သီးခြားချုပ်နှောင်ထားရာမှ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ယခုအပတ်အစောပိုင်းတွင် အီမရန်ခန်း၏ သားများဖြစ်သော ကာဆင်ခန်းနှင့် ဆူလိုင်မန် အီဆာခန်း တို့က ၎င်းတို့ဖခင်၏ အကျဉ်းထောင်အခြေအနေနှင့် ပတ်သက်၍ ပြင်းထန်သော စွပ်စွဲချက်များ ပြုလုပ်ခဲ့သည်။

၎င်းတို့ဖခင်အား သီးခြားတိုက်ပိတ်ထားသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းအား နောက်တစ်ကြိမ် ပြန်တွေ့ရတော့မည်မဟုတ်ဟု စိုးရိမ်မိကြောင်း ပြောကြားခဲ့ကြသည်။