အလင်းဝင်စစ်သားအချို့ ထောက်ပို့တာဝန်ထမ်းဆောင်နေဟု ပဲခူးခရိုင် တပ်ရင်း ၂ ဆို

ပုံစာ-တိုက်ပွဲဝင် ပဲခူးခရိုင် တပ်ရင်း ၂ ရဲဘော်များ။

By Hsu Yee/MPA

ယခုနှစ်အတွင်း အလင်းဝင်လာသည့် စစ်သားအချို့ ထောက်ပို့တာဝန်ထမ်းဆောင်နေ ကြကြောင်း ပဲခူးခရိုင် တပ်ရင်း ၂-P23702 ထံက သိရသည်။

ပဲခူးခရိုင် တပ်ရင်း ၂-P23702 ထံသို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၃၅ ဦးအထိရှိပြီး ယင်းတို့ထဲမှ တော်လှန်ရေးတွင်မပါဝင်လိုသဖြင့် ဘေးကင်းလုံခြုံရာ နေရာသို့သာ ပို့ဆောင်ပေးခဲ့ရသူများ ရှိသကဲ့သို့ တော်လှန်ရေး ထောက်ပို့ တာဝန်ထမ်းဆောင်နေကြသူများလည်း ရှိကြောင်း သိရသည်။

“ပြန်ပြီး တိုက်ပွဲဝင်တာတော့မရှိဘူးဗျ။ပြန်လို့မရတဲ့တချို့ကတော့ ထောက်ပို့လိုနေရာမျိုးမှာ ပြန်ကူပေးတာတော့ရှိပါတယ်ဗျ။လေး၊ ငါးယောက်လောက်တော့ရှိပါတယ်။ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေမှာပဲ ဆက်နေပြီး ထောက်ပို့လုပ်ပေးနေတာမျိုးပါ”ဟု ပဲခူးခရိုင် တပ်ရင်း ၂-P23702 မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတို့သည် စစ်တပ်တွင်း ရှိနေစဉ် ခြိမ်းခြောက်ခံရမှုများကြောင့် လက်နက်မယူဆောင်လာရဲသူများသဖြင့် အလင်းဝင်များထံမှ သေနတ် ၈ လက်သာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့က လက်နက် နဲ့ အလင်းဝင်လာရင် PDFက ပစ်သတ်တယ်။ပြီး လက်နက်နဲ့ ပြေးရင် ‌နောက်ပိုင်း မိသားစုကိုအရေးယူမယ်။အဲ့ဒီ့လို ‌ခြောက်ထားတော့ မယူလာရဲကြတာများတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၃၅ ဦးထဲတွင် စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်ကြောင်းလည်း သိရသည်။

“သတင်းစကားပါးလိုတာက ပစ(စစ်မှုထမ်းတပ်သား)တွေအနေနဲ့ အလင်းဝင်ချင်တဲ့ ဆန္ဒရှိရင် ကြိုတင်ချိတ်ဆက်စရာမလိုဖူးပေါ့နော်။ စကစ ထိန်းထားတဲ့နယ်မြေက ထွက်တာနဲ့ ကျနော်တို့ စိုးမိုးထားတဲ့နေရာဖြစ်လို့ ဘာမှမစိုးရိမ်ဘဲ ထွက်လာလို့ရပါတယ်။ ပြီးတော့ လက်နက်ပါ တပါတည်း ယူခဲ့ဖို့လည်း တပါတည်းတိုက်တွန်းချင်ပါတယ်။ လက်နက် ပါလာလည်း ကျနော်တို့ဘက်က မပစ်ဘူးဆိုတာလည်း အာမခံပါတယ်။ ကြိုတင်ဆက်သွယ်ပြီးပဲ ဖြစ်ဖြစ် မဆက်သွယ်ပဲဖြစ်ဖြစ် လက်နက်ပါ တပါတည်း ယူလာခဲ့ဖို့ တိုက်တွန်းချင်ပါတယ်” ဟု၎င်းကပြောသည်။

စက်တင်ဘာ ၇ ရက်တွင် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ရှိ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သားတစ်ဦး MA1 သေနတ် တစ်လက် ၊ ကျည်ဘောက် ၅ ခု ၊ ကျည်အ‌တောင့် ၁၅၀တို့ ယူဆောင်လာကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း ပဲခူးခရိုင် တပ်ရင်း ၂-P23702 က စက်တင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ခဲ့သေးသည်။

စာတည်း-ML