ယခုလအတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ၅လအရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၄၆ဦး အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်း ထုတ်ပြန်သည်။
မေလတစ်ရက်မှ ၂၉ရက်အထိ နိုင်ငံတစ်ဝန်း၌ စစ်အုပ်စုလက်ချက်ကြောင့် အမျိုးသမီး ၁၇ဦးနှင့် အ မျိုးသား၂၉ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုဆိုသည်။
ယင်း၄၆ဦးထဲတွင် ၅လအရွယ်(ကျား)ကလေးအပါအဝင် အသက်၁၈နှစ်အောက်ကလေး ၁၁ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူများအနက် ပဲခူးတိုင်းတွင် ၁၀ ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၉ ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့ကြောင်း AAPPက ဆိုသည်။
သေဆုံးသူအယောက်၃၀မှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး ၈ဦးမှာ လက် နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
“ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင် စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေ အများဆုံး သေဆုံးနေတာ တွေ့ရပါမယ်။ လေကြောင်းတိုက်ခိုက်နိုင်တယ်ဆိုတာ လေယာဉ်ဆီတွေ လိုသ လောက်ရနေတာကြောင့်ပါပဲ။ ဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အဲဒီ key point ကို အ လေးအနက်ထားပြီး မြန်မာပြည်သူတွေရဲ့အသက်ကို တန်ဖိုးထားသောအားဖြင့် လေယာဉ်ဆီဖြတ် တောက်ရေးကိစ္စကို ပူးပေါင်းချိတ်ဆက်ဖြတ်တောက်ကြဖို့ လိုပါမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးကပြောသည်။
အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား ၆၃ ဦး၏ စာရင်းကို သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းAAPP က ထုတ်ပြန်ထားသည်။
အဆိုပါကာလအတွင်း စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ ၇ ဦးတွင် ရခိုင်ပြည်နယ်က ၅ ဦးနှင့် နေပြည်တော်က ၂ ဦး ဖြစ်ကြောင်း သိရသည်။
