ဖားကန့်တွင် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အမျိုးသား ၃ ဦးကို စစ်တပ် ပစ်သတ်

ဓာတ်ပုံ - Naw Tu Awng Facebook
ပုံစာ - လုံးခင်းကျေးရွာအုပ်စုတစ်နေရာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အမျိုးသား၃ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ( မေလ ၂၉ရက် ) နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ လုံးခင်းတိုက်နယ်ဆေးရုံ ကုန်းအနီးတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးနှင့် ကရင်လူမျိုး အမျိုးသား ၂ဦး တို့ကို စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စိတ်မနှံ့တဲ့ကောင်လေးက အသက် ၃၀ လောက်ရှိပြီ။ သူက လုံးခင်းသုသာန်မှာနေတာ။ ကရင်လေး နှစ်ယောက်က ဆေးရုံကုန်းနဲ့ကပ်လျက်က သင်္ဂဟလူမှုရေးအသင်း O2 စက်ရုံဝင်းထဲမှာ နေကြတာ။ အဲဒီမှာ စက်ရုံဝင်းထဲမှာ စစ်တပ်ကပစ်သတ်ထားတဲ့နွားကို အမဲဖျက်ရောင်းရာကနေ ၃ယောက်လုံး ပစ်သတ်ခံရတာ။ အလောင်းပြန်ရပါတယ် ” ဟု ဖားကန့်မြို့စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

စစ်တပ်သည် ဖားကန့်မြို့နယ်၊ လုံးခင်း၊ မှော်စီစာ၊ လယ်ပြင်နှင့် ငြိမ်းချမ်းသာယာကျေးရွာတို့တွင် တပ်ဖြန့်ထားပြီး ဒေသခံများကို အဓမ္မငွေတောင်းရမ်းနေကြောင်း သိရသည်။

” ငွေသားမပေးနိုင်ရင် ကေပေးနဲ့ပေးဆိုပြီး အတင်း ဓားပြတိုက်နေတာ။ စစ်သားတွေနဲ့အတူ ဝါရာဇွပ် ပြည်သူ့စစ်တွေလည်း ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီလမှစ၍ ဖားကန့်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာလာပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၊ မင်း ဇေသန့် ပြည်သူ့စစ်အဖွဲ့နှင့်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့တို့ ရောက်ရှိနေကာ စစ်တပ်နှင့်အတူ ပြည်သူများအား အနိုင်ကျင့်နှိပ်စက်နေကြောင်း သိရသည်။