တပ်တွင်း အာဏာရှင်ဆန်မှုနှင့် အကြမ်းဖက်ခံ အမျိုးသမီးရဲဘော်

[ဆောင်းပါး]

ရဲမေဖြိုးဖြိုးမှာ ယခုအထိ ထောင်တွင်းအကျဉ်းချခံထားရဆဲဖြစ်သည်။ အမှုမှာ တပ်မှထွက်ပြေးသည့်အမှုဟု ဆို၏။ သို့သော် ရဲမေဖြိုးဖြိုးထွက်ပြေးရသည့် နောက်ကွယ်တွင် ခေါင်းဆောင်ပိုင်း၏ တပ်တွင်းအာဏာရှင်ဆန်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် အကြမ်းဖက်ခံရမှုများ ရှိနေလေသည်။

ထိုနေ့သည် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ဖြစ်သည်။ ယခင်လပိုင်းက ကိုယ်ဝန်ပျက်ကျခဲ့သော ရဲမေဖြိုးဖြိုးသည် ကျန်းမာရေးကြောင့် လုပ်ငန်းတာဝန်မှ အနားယူထားသော်လည်း အလုပ်ရှောင်ခိုသည်ဟုဆိုကာ ဒုတပ်ခွဲမှူးရိုမာန်က ပါး ၇ ချက်ရိုက်၍ အပြစ်ပေးခဲ့သည်။

ယင်းနောက် မေလ ၁၃ ရက်နေ့ နံနက်ပိုင်း ရဲဘော်ရဲမေများ တန်းစီချိန်၌ ည ၉ နာရီကျော်သည်အထိ ဖုန်းပြောသည်ဟုဆိုကာ ရဲဘော်ရဲမေများရှေ့၌ ရဲမေဖြိုးဖြိုးအား ဒုတပ်ခွဲမှူးရိုမာန်က ပါးကိုအချက်သုံးဆယ်ထက်မနည်း ရိုက်နှက်အပြစ်ပေးခဲ့ပြန်သည်။

ထိုသို့ အကြမ်းဖက်ရိုက်နှက်မှုများကြောင့် ရဲမေဖြိုးဖြိုးသည် ကြောက်လန့်၍ မေလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် တပ်မှ ဒုတိယအကြိမ်ထပ်မံထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းအကျဉ်းချခံထားရခြင်းဖြစ်ကြောင်း တပ်တွင်းရဲဘော်ရဲမေများက ဆိုသည်။

ရဲမေဖြိုးဖြိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပခုက္ကူခရိုင်တပ်ရင်း ၁၉၊ တပ်ခွဲ ၃ ဗိုလ်မထားအဖွဲ့မှ အသက် ၂၀ အရွယ် ရဲမေတစ်ဦးဖြစ်သည်။ ပခုက္ကူခရိုင်တပ်ရင်း ၁၉ တွင် တပ်ခွဲ ၃ ခုရှိပြီး ယင်းတပ်ခွဲများကို မြေပြင်တွင် ဖြန့်ကျက်ထားကာ တပ်ခွဲများ၏ ဘဏ္ဍာငွေရှာဖွေမှု၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးများကိုလည်း ယင်းတပ်ခွဲများ၏ တပ်ခွဲမှူးများက ဦးစီးလုပ်ဆောင်ကြကြောင်း သိရသည်။

တပ်ခွဲ ၃၊ ဗိုလ်မထားအဖွဲ့တွင် တပ်ခွဲမှူးဗိုလ်မထား၊ ဒုတပ်ခွဲမှူးရိုမာန်တို့က ဦးစီးအုပ်ချုပ်ကြသော်လည်း ၎င်းတို့နှစ်ဦးမှာ သူငယ်ချင်းဆက်ဆံရေးရှိကြကြောင်း သိရသည်။ ထို့ကြောင့် တစ်ယောက်ကျူးလွန်သည့် အာဏာအလွဲသုံးစားလုပ်မှု၊ အကြမ်းဖက်မှုများကို တစ်ယောက်က လျစ်လျူရှု၍ ဖုံးကွယ်ထားကြသည်ဟု တပ်တွင်းရဲဘော်များက ဆိုသည်။

ရဲမေဖြိုးဖြိုးသည် ရိုက်နှက်ခံဒဏ်ရာများဖြင့် လက်ရှိတွင် ထောင်တွင်းအကျဉ်းချခံထားရဆဲဖြစ်ပြီး ယင်းဖြစ်စဉ်အပေါ် တပ်ရင်းရုံးသို့ ရဲမေတစ်ဦးက တိုင်စာပို့ထားသော်လည်း လက်ရှိအချိန်အထိ တပ်ရင်းမှူးအနေဖြင့် လာရောက်ဖြေရှင်းပေးခြင်းမရှိသေးကြောင်း တပ်တွင်းရဲဘော် ရဲမေများထံက သိရသည်။

ထိုသို့ တပ်ရင်းရုံးသို့ တိုင်စာပို့ထားသည်ကို သိရှိပြီးနောက် ဒုတပ်ခွဲမှူးရိုမာန်သည် ရဲဘော်ရဲမေများကိုခေါ်၍ ရဲမေဖြိုးဖြိုးအား ယခုလိုရိုက်နှက်ရသည်မှာ ယခုကိစ္စတစ်ခုတည်းကြောင့်မဟုတ်ကြောင်း ပြောပြခဲ့သော်လည်း ရိုက်နှက်ရသည့် အကြောင်းပြချက်ကိုမူ ပေးနိုင်ခြင်းမရှိကြောင်း ရဲဘော်ရဲမေများက ဆိုသည်။

ဒုတပ်ခွဲမှူးရိုမာန်သည် အသက် ၂၈ ဝန်းကျင်ခန့်ရှိ CDM ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသည် ရဲဘော်ရဲမေများကိုသာ ည ၉ နာရီကျော်အထိ ဖုန်းမသုံးရစည်းကမ်းကို ထုတ်ထားသော်လည်း ၎င်းကိုယ်တိုင်အနေဖြင့်မူ တပ်တွင်းရဲမေတစ်ဦးနှင့် ချစ်ကြိုက်နေပြီး ညစဉ်အချိန်မတော်အထိ ဖုန်းပြောလျက်ရှိကြောင်း ရဲဘော်ရဲမေများက ဆိုသည်။

၎င်းအရက်သောက်သည့်အခါများတွင်လည်း ရဲမေများအနေဖြင့် အမြည်းများကို စားပွဲထိုးများသဖွယ် ချက်ပြုတ်ပြင်ဆင်ပေးရပြီး တပ်တွင်းတွင် ခွဲခြားဆက်ဆံမှုများလည်း ရှိနေကြောင်း သိရသည်။ ယင်းအပြင် ရဲဘော်ရဲမေများအားလည်း ၎င်းစိတ်မကြည်သည်နှင့် အချိုးမပြေဘူးဟုဆိုကာ အခါအားလျော်စွာ ရိုက်နှက်အကြမ်းဖက်မှုများရှိခဲ့သော်လည်း ရဲဘော်ရဲမေများအနေဖြင့် ၎င်းအား ကြောက်ရွံ့ပြီး တပ်ရင်းရုံးသို့ မတိုင်ကြားရဲကြပေ။

ထိုသို့ တပ်တွင်းအာဏာအလွဲသုံးစားလုပ်မှု၊ အကြမ်းဖက်မှုနှင့် စည်းကမ်းထိန်းသိမ်းရေးညံ့ဖျင်းမှုများကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရဲမေဖြိုးဖြိုးအပါအဝင် ရဲမေ ၄ ဦးတို့သည် တပ်မှထွက်ပြေးခဲ့ဖူးပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။ ပြန်လည်ဖမ်းဆီးခံရပြီးနောက် ရိုက်နှက်အပြစ်ပေးမှုများ၊ ခြိမ်းခြောက်မှုများနှင့် ထောင်ဒဏ် ၆ လ ကျခံခဲ့ကြရသည်။

ပထမအကြိမ် တပ်မှထွက်ပြေး၍ ဖမ်းဆီးခံရစဉ်က ရဲမေများအနေဖြင့် ထောင်ဒဏ် ၆ လ ကျခံပြီးနောက် တပ်မှထွက်သည်ဖြစ်စေ၊ တပ်ပြောင်းသည်ဖြစ်စေ လုပ်နိုင်ကြောင်း တပ်ခွဲမှူးများက ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တပ်ထွက်တပ်ပြောင်းခြင်းများကို ပြုလုပ်ခွင့်မပေးဘဲ တပ်ခွဲမှာပင် ခံဝန်ထိုး၍ ဆက်လက်တာဝန်ထမ်းဆောင်စေကြောင်း ရဲဘော်ရဲမေများက ဆိုသည်။

တပ်ခွဲ ၃၊ တပ်ခွဲမှူးများ၏ စည်းကမ်းထိန်းသိမ်းမှုအောက်မှ အာဏာအလွန်အကျွံသုံးမှု၊ ဖွဲ့စည်းပုံလိုအပ်ချက်ရှိမှု၊ လုပ်ငန်းစဉ်မူဝါဒ မခိုင်မာမှုများကြောင့် တပ်ခွဲ ၃ မှ ရဲဘော် ၂၀ ဦးသည် တပ်ခွဲမှထွက်၍ တပ်ရင်းမှူး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်သို့ ၂၀၂၄ ခုနှစ်အတွင်းမှာပင် ဝင်ရောက်ခဲ့ဖူးကြောင်း သိရသည်။

ရဲမေဖြိုးဖြိုးအနေဖြင့် ချစ်သူပြည်သူတစ်ဦးနှင့် လူငယ်သဘာဝ မှားယွင်းခဲ့ကြပြီး ကိုယ်ဝန်ရှိလာစဉ်ကလည်း ရိုက်နှက်၍ အပြစ်ပေးခြင်းခံခဲ့ရသေးသည်။ ထိုသို့ တပ်ခွဲအတွင်း စည်းကမ်းထိန်းသိမ်းမှုအောက်မှ အာဏာအလွန်အကျွံသုံးမှု၊ အကြမ်းဖက်ခံရမှုများကို တပ်ရင်းမှူးအနေဖြင့် မူဝါဒခိုင်မာစွာ ဖြေရှင်းမပေးသည့်အပေါ် ရဲဘော်ရဲမေများအနေဖြင့် မကျေနပ်မှုများလည်း ရှိနေသည်။

ပခုက္ကူခရိုင်အမှတ် ၁၉ ၏ တပ်ရင်းမှူးမှာ ကိုပိုင်ဆိုသူဖြစ်သည်ဟု ရဲဘော်ရဲမေများထံက သိရသည်။ ကိုပိုင်သည် လူမှုဆက်ဆံရေးကောင်းပြီး တပ်တွင်းအုပ်ချုပ်ပုံမှာလည်း လူမှုရေးနှင့်သွားနေသည့် သဘောဖြစ်ပြီး အစည်းအဝေးများတွင် ခိုင်မာသည့် မူဝါဒနှင့် အရေးယူမှုများကို ပြုလုပ်နိုင်ခြင်းမရှိကြောင်း တပ်ရင်းရဲဘော်ရဲမေများက ဝေဖန်ထားသည်။