[ Photo Inadept Story ]
အိမ်ပေါက်ဝကိုပင်မချန် စစ်တပ် ထောင်ခဲ့တဲ့ မိုင်းကြောင့် ဘဝတစ်ခုလုံးကို စုတ်ပြတ်သတ်၊ အသက်ရှင်လျက်နဲ့ ဘဝမသေသွားရအောင် အံတင်းတင်းကြိတ်ထားရတယ်လို့ မခင်လေး (အမည် လွှဲ)က ဆိုတယ်
အခုမှ အသက်၂၅နှစ်အရွယ်၊ သမီးတစ်ယောက်အမေ မခင်လေးအတွက် နင်း မိုင်းထိပြီး ဘယ်ခြေ ဒူးဆစ်နားအထိ ဖြတ်တောက်လိုက်ရတာကြောင့် ကိုယ့်ခြေကိုယ့်လက် ကိုယ့် အားကိုယ့် ကိုးစိတ်ဓာတ်နဲ့ ရုန်းကန်ခဲ့ရတဲ့ဘဝကို ကောက်ကာငင်ကာထားခဲ့ရ။ ဘယ်လိုအလုပ်အကိုင်မျိုးနဲ့ ရှေ့ခရီးဆက်ရမလဲဆိုတာ မစဉ်းစားတတ်အောင်ပဲလို့လည်း ပြောပြတယ်။
မခင်လေးက စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာနေထိုင်သူ။၂၀၂၅ခုနှစ်၊ ဇူလိုင်မှာ ထုံးစံမပျက် မိစ္ဆာစစ်ကြောင်းက ဝင်လာပြန်တော့ မရှောင်ရင် မသေတောင် ဘာမဆိုတစ်ခု ခုဖြစ်သွားနိုင်တာကြောင့် သူတို့ဒေသခံတွေ ထုံးစံမပျက် စစ်ကြောင်းရှောင် ဒုက္ခသည်ဘဝ။ အချိန်မ ရွေး သေသွားနိုင်တဲ့ဘဝမှာ အငတ်ငတ်အပြတ်ပြတ်ဆိုတာ ဘယ်စာဖွဲ့လို့ရမလဲ။
အဲဒီအခေါက် စစ်ကြောင်းရှောင်ဘဝ ၂လလောက်ကြာသွားတယ်။အသက်ကို ဖက်နဲ့ထုပ်ထား တဲ့ဘဝ ဖြစ်သလိုနေ၊ရတာနဲ့စား။ ဘာမှမရှိတော့လည်း မွေးလာကတည်းက စစ်ဘေးသင့်ခဲ့ရရှာသူ သမီးငယ်လေးအတွက်သာ အဓိက၊ကျန်တဲ့မိသားစုတွေကတော့ ခြစ်ခြစ်တောက်ပူနေတဲ့ အစာအိမ် ထဲ ရေသာ လောင်းချကာ ရသလောက်ငြှိမ်းသတ်ကြရ။
စစ်ကြောင်းပြန်ထွက်သွားပြီဆိုတော့ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ရွာ ပြန်ရတော့မှာမို့ ဘယ်မ ပျော်ဘဲ ရှိလိမ့်မယ်။ ငါ့အိမ်လေး အကောင်းပဂတိရော ကျန်သေးရဲ့လားဆိုတဲ့ ပူပန်မှုကလည်း ရှိ နေတော့ တခြားသူတွေလိုပဲ အမောတကော။မှတ်မှတ်ရရ၊အဲဒီနေ့က ၂၀၂၅ခုနှစ်၊အောက်တိုဘာ၃၁ ရက်၊ညနေ၅နာရီခွဲဝန်းကျင်။
“စစ်ကြောင်းရှင်းလို့ ရွာပြန်ဝင်ရတော့ ညနေပိုင်းကြီး၊ ကျမလည်း ထမင်းချက်ဖို့ဆိုပြီး ရေပုံး သယ်သွားတာလေ။ ကျမတို့အိမ်က ရွာအစွန်ဘက်နည်းနည်းကျတာပေါ့။ အဲဒီမှာ အိမ်က ကျန်တဲ့ လူတွေလည်း ဒီအပေါက်ကနေပဲ ဝင်ထွက်နေကြတာ ဘာမှ မဖြစ်ဘူး။ ကျမလည်း ဘာမှမသိဘူး လေ။ ကျမက တံခါးကိုမပြီး ဝင်လိုက်တဲ့အချိန် အုန်းဆို ထကွဲတော့တာပဲ”လို့ မတွေးချင်တော့တဲ့အ တိတ်ကို မခင်လေး ရင်နာနာနဲ့ ပြန်ဖွင့်ပြတယ်။
နာတွေအူပြီး မျက်လုံးတွေပြာ။ဘာတွေဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်။အောက်ပိုင်း ခြေ ထောက်တွေက ဘဝမှာ နာခဲ့ဖူးတာတွေနဲ့ မတူ၊နာလိုက်တာမှ ပြောမပြတတ်အောင် နာနာကျင် ကျင်။ပြီးတော့ သိလိုက် မသိလိုက်၊ မိုင်းထိသွားတယ်ဆိုတာမျိုးလည်း ချက်ချင်း ဘယ်သိလိမ့်မလဲ။
“နာတာထက်ကို ဘယ်လိုမှန်းကို မသိပါဘူး။ အဲဒီတုန်းကဟာကို ကျမလည်း အသေချာကြီး မပြောတတ်ဘူး။ ပြီးတော့ အိမ်ကလူတွေ သယ်ကြတာတွေလည်း သိလိုက်၊ မသိလိုက်ပဲ။ အသံတွေ လည်း ဝါးဝါးပေါ့။ ဆေးရုံသွားရတဲ့အချိန်တွေက ပိုဆိုးတာ။ လမ်းတွေကဆိုးတော့ လူးလိမ့်လို့လေ၊ တကျွတ်ကျွတ်နဲ့အော်နေရတာ”လို့ အခုလည်း နာနေသေးတဲ့ ဒဏ်ရာတွေကို သတိထားရင်း မခင် လေးက ပြောပြတယ်။
ဒဏ်ရာကပြင်းတော့ ပုလဲမြို့နယ်ထဲ ကုသမှုခံယူဖို့ ဆေးဝါးမလုံလောက်တာကြောင့် လမ်း ဆိုးလှတဲ့ ၃၅မိုင်ခရီးကို ဆိုင်ကယ်တစ်တန်၊ ထွန်စက်တစ်ပြန်နဲ့ ကားတစ်လှည့် ရူးခါမတတ် နာကျင် မှုတွေကို အံတုကာ ရောက်အောင်သွားခဲ့ရတယ်။
မိုင်းကွဲလို့ စင်တဲ့အစတွေက ပေါင်တွေမှာလည်းစိုက်၊ ပေါင်ရင်းထိလည်း စိုက်၊ ပြီးတော့ လက်တွေမှာရော။ ပထမ၊ ဘယ်ဘက်ခြေမျက်စိအောက်ပိုင်းကနေ ဖြတ်ရမယ်လို့ ဆရာဝန်က ပြော ပေမဲ့ မိုင်းအစတွေ စိုက်ဝင်နေတာက နက်လည်းနက်၊ ယမ်းဆိပ်တွေကလည်း တက်ပြီးရင်း တက်မို့ ဒူးဆစ် အောက်နားကနေ ဖြတ်လိုက်ရ။ဆေးရုံပေါ် ၁၀ရက်ကြာတယ်လို့ မခင်လေးရဲ့ဖခင်က ပြောပြ တယ်။
“အစကတော့ ဆေးရုံနားမှာပဲ အိမ်လေးဌား နေလိုက်တော့မယ်ပေါ့။ ဒဏ်ရာကြီးနဲ့ ခရီးဝေးနဲ့ မဖြစ်လို့။ မလေး(မခင်လေး)က မရတာ။ မလေးက အိမ်လွမ်းတာ၊ သူ့သမီးလွမ်းတာနဲ့ ငိုငိုနေလို့ ဒီ ပြန်လာပြီး ရက်ချိန်းတိုင်း ပြန်၊ပြန်ပြနေရတာ။ ဆေးရုံကလည်း ၃ ရက်တစ်ခါ ပြရတာ”လို့ မခင် လေးရဲ့ ဖခင်က ဆက်ပြောတယ်။
သမီးကို လွမ်းတဲ့စိတ်နဲ့ အိမ်ပြန်လာခဲ့ပေမဲ့ ပုလဲဆိုတာ စစ်ဘေးသင့်ဒေသမဟုတ်လား။ မိစ္ဆာ စစ်ကြောင်းရဲ့ ရမ်းကားရာလမ်းကြောင်းမှာ သူတို့ရွာလေး ကျရောက်နေပြန်တာကြောင့် မိသားစု စစ် ရှောင်နေတဲ့နေရာဆီသာ နာကျင်နေသေးတဲ့ လတ်လတ်ဆတ်ဆတ်ဒဏ်ရာတွေနဲ့ မခင်လေး ရောက် ရပြန်တယ်။အခုပဲ ခြေတစ်ဖက်ဖြတ်ပြီးတာတောင် စစ်ကြောင်းရှောင်ဘဝ။
အရင်က မအေနားသာ တိုးဝှေ့တီတာနေတဲ့ အသက်တစ်နှစ်ခွဲအရွယ် သမီးလေးက ခြေတွေ လက်တွေမှာ ပတ်တီးအဖွေးသားနဲ့ အမေ့ကိုမြင်တော့ ကြောက်လန့်ကာ မိခင်နား မကပ်ဝံ့တော့ တာ ကြောင့် မိုင်းဒဏ်ရာကနာရတဲ့အထဲ နှလုံးသားက ပိုနာကျင်ရတယ်လို့ မခင်ကြည်က ဆိုတယ်။
“ကိုယ်က အခုလိုကြီး ဖြစ်နေတာကို စိတ်ဓာတ်ကတော့ ကျတာပေါ့။ မကျ နေနိုင်ပါ့မလား။ ကိုယ့်ကလေးကိုယ်တောင် မကာကွယ်နိုင်တော့တဲ့ ဘဝကြီးလေ။ အရေးကောင်းလို့ ပြေးရလွှားရဆို ဘယ်လိုလုပ်မလဲ။ ဆေးရုံကလည်း ၃ ရက်ခြားတစ်ခါ ပြန်ပြရသေး၊ လမ်းကဆိုးသေးနဲ့ အနာတွေနာ နဲ့။ အဆိုးဆုံးကတော့ ကလေးက အနားမကပ်ရဲတာကိုပဲ။ ကလေးနဲ့ ယောင်္ကျားနဲ့အမေတို့အဖေတို့ ကြောင့်ပဲ အားတင်းထားရတာပေါ့”လို့ သူက အဝေးဆီ ငေးရီနေတဲ့မျက်လုံးတွေနဲ့ ပြောပြတယ်။
ဒီတစ်ခါ စစ်ကြောင်းရှောင်ရတာ ရွာချင်းဆက်လမ်းဘေးက အုတ်တိုက်ဇရပ်။မခင်လေးက လတ်လတ်ဆတ်ဆတ်ဒဏ်ရာကြီးနဲ့မို့ လမ်းဘေးမှာ တဲထိုးနေလို့ အဆင်မပြေတာကြောင့် မိသားစု ဝင်တွေက ဒီအုတ်တိုက်လေးရအောင် ကြိုးစားရှာဖွေထားရတယ်လို့ ဆိုရဲ့။အုတ်တိုက်ဇရပ်ထဲက သံ ဇကာကွက်လေးတွေနဲ့ ဖွဲ့ထားတဲ့ အခန်းလေးထဲမှာ မခင်လေးရဲ့မိဘနှစ်ပါး၊မောင်တစ်ယောက်၊မခင် လေးယောကျာ်းနဲ့ သမီးငယ်တို့ တိုးတိုးဝှေ့ဝှေ့ ကျပ်ကျပ်တည်းတည်း။နံဘေးကပ်လျက်မှာတော့ စစ် ဘေးရှောင် အိမ်ထောင်စု၇စု။အားလုံးက ဒုက္ခကိုယ်စီနဲ့ စစ်ရှောင်နေကြရပေမဲ့ ကြမ္မာဆိုးစွာနဲ့ မိုင်း ကြောင့် ခြေတစ်ဖက်ပေးလိုက်ရတဲ့ မခင်လေးအပေါ် ဖေးဖေးမမ စာစာနာနာ။
မလှမ်းမကမ်းက ရွာချင်းဆက်လမ်းဘေးမှာတော့ ယာယီခိုလှုံစရာ တဲပုလေးတွေထိုးသူထိုး။ အရိပ်ရ မန်ကျည်းနဲ့ ဆီးပင်တို့အောက် လှည်းရှိသူက လှည်း၊ ထွန်စက်ရှိသူက ထွန်စက်ပေါ် တာလ ပတ်စကို အမိုးလုပ်။မြေကြီးပေါ် ကျောခင်းသူက ခင်းနဲ့။ဖြစ်သလို စစ်ဘေးရှောင်ဘဝ မိသားစုလိုက် စုအိပ်စုစား မနက်ခင်း အသိစိတ်ပွင့်ချိန်မှာ ကိုယ့်အသက်ကိုယ် ပြန်စမ်းမိဖို့သာ အဓိကမဟုတ်လား။
လမ်းဘေးဝဲယာ သီးနှံစိုက်ခင်းတို့သည်လည်း စစ်ဘေးရှောင်တို့နဲ့မခြား ကြုံလှီစွာ။ကျေးလက် အလှ အတန်းလိုက်စိုက်ထားတဲ့ ထန်းပင်တို့မှာလည်း မသာမယာ။ဒါပေမဲ့၊ အဝေးက လှမ်းကြည့် လိုက်ရင်တော့ လှည်းတွေ၊ယာဉ်တွေပေါ် ပေါင်းမိုးလေး အစီအရီနဲ့ ဘုရားပွဲလာကြသလို။
“ရွာထဲမှာ ခွေး(စစ်သား)တွေက အကြီးတို့ တစ်နှစ်လုံး လုပ်ခဲ့တဲ့ စပါးအိတ်တွေကို ဘန်ကာ ဆိုလား ဆောက်ပစ်တာတဲ့။ စပါးတွေလည်း ရေစို၊ နှင်းစိုတာနေမှာပေါ့။အကုန်ပွလို့တဲ့။ဘယ် လောက်မိုက်ရိုင်းလိုက်သလဲ”လို့ ပေါင်းမိုးပါတဲ့ နွားလှည်းနဲ့ စစ်ရှောင်နေသူ အသက် ၄၀ကျော် အ ရွယ် အမျိုးသမီးကြီးတစ်ဦးက နာနာကြည်းကြည်းနဲ့ ဆိုတယ်။
စစ်ကြောင်းသတင်း ကြိုတင်ရရှိခဲ့တာမို့ ရှိစုမဲ့စုလေးတွေ ထုပ်ပိုးပြီး ထွက်လာခွင့်ရကြတယ်။
အလုပ်ပျက်အကိုင်ပျက် ဒီစစ်ကြောင်းကိုချည်း မကြာခဏရှောင်နေရတာမို့ ရသလောက်လေး ယာ လုပ်၊ မလောက်ဌတော့လည်း စုဆောင်းခဲ့တဲ့ ရွှေတိုရွှေစလေးတွေ ထုတ်ရောင်းနဲ့ အခုတော့ စစ်ဘေး ရှောင်တိုင်းဟာ စုဆောင်းထားသမျှတွေလည်း ဟောင်းလောင်း။ရောင်းစားစရာ သက်ရှိ နွားရှိတဲ့မိ သားစုတွေကျ တစ်ချိန်မှာ ဒီနွားတွေကို ရောင်းပြီး အသက်ဆက်နိုင်ဖို့ နွားတွေကိုပါ ဂရုတစိုက် အတူ ခေါ်လာကြရ။
သူတို့စစ်ရှောင်တွေကိုယ်စီ အဓိကသယ်လာကြတာက စစ်ရှောင်ရင်း စားဖို့ ဆန်၊ဆီ၊ပဲ ဆိုတဲ့ ရိက္ခာ။
အိတ်ကတ်ထဲ ငွေယားလည်း နည်းနည်းပါးပါး ရှိနေဖို့ကျ စစ်ဘေးရှောင်အမျိုးသမီးကြီးငယ် အစုံ ရောက်နေတဲ့နေရာဝန်းကျင်မှာ နေ့စား ပဲရိတ်၊စပါးရိတ်၊နှမ်းဆွတ်ကြနဲ့။ ရတဲ့ငွေလေး နည်း နည်း မိသားစုအသက်ဆက်နိုင်ရေးအတွက် ချွေချွေတာတာ။
ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက် စစ်ရေးအခြေအနေတွေကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲနေ ပေမဲ့ ဆားလင်းကြီးကနေ ပုလဲဘက် ကုန်စည်လမ်းကြောင်းပေါက်နေတာမို့ အမျိုးသမီးသုံးပစ္စည်း တွေကအစ အကုန်ရနေသေးပေမဲ့ လက်ထဲမှာ ငွေရှိဖို့လည်း လိုတယ်မဟုတ်လား။ငွေရှိဖို့ဆိုတာ လည်း အလုပ်ရှိဦးမှ။အလုပ်ရှိဖို့ဆိုတာကလည်း စစ်ကြောင်းထိုးတာတွေ မရှိမှ။
လတ်တလော ပုလဲမြို့နယ်ထဲမှာ ရေရှည်စစ်ဘေးရှောင်က ၃၀၀၀ကျော်၊ ကာလတို စစ် ကြောင်းရှောင်ရတဲ့ပြည်သူတွေကလည်း စစ်ကြောင်းထိုးရင် ထိုးသလို အိမ်ထောင်စု ၁၀၀၀ ပတ် လည်။မိုးတွင်းဆို နေထိုင်စရာမရှိတဲ့ဒုက္ခက တောတောင်ထဲ တိမ်းရှောင်နေသူတွေအတွက် ဆိုးရွား။ ဆောင်းတွင်းကျတော့လည်း အရိုးထဲထိစိမ့်နေတဲ့ အညာဆောင်းက လမ်းဘေးမှာ ဖြစ်သလို မလုံမ ခြုံစစ်ဘေးရှောင်တွေအတွက် ကြောက်စရာကောင်းတယ်လို့ ပုလဲမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာ တာဝန်ရှိသူတစ်ဦးက ဆိုတယ်။
“အစာရေစာ ရှားပါးတာအပြင်ကို သုံးရေ၊ သောက်ရေ။ တိရစ္ဆာန်တွေရောပါတာဆိုတော့ တိရစ္ဆာန်တွေ၊ အစာရေစာတွေ ဒါတွေလိုတယ်။ နောက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးတွေပေါ့ နော်။ အလှူရှင်တွေ ဘာညာကလည်း အမြဲတမ်းမရှိဘူး။ သူတို့ပါတဲ့ ဥစ္စာတွေ ထုခွဲရောင်းချစားရ တာပဲ။ ခက်ခဲပါတယ်”လို့ လူသားစာနာတာဝန်ရှိသူက ဆက်ပြောတယ်။
အလုပ်အကိုင်တွေပျက်နေပေမဲ့ စစ်ဘေးရှောင်ရတာလည်း ငွေက ရက်ရက်စက်စက်ကို လို နေတာပဲ။ဒီငွေလေး ရှိနေမှပဲ စစ်ကြောင်းရှောင်ပြေး ဆိုင်ကယ်တွေ၊ထော်လာဂျီတွေ၊ထွန်စက်တွေ ဆီဖြည့်နိုင်ကာ သုတ်သုတ် ပြေးနိုင်၊ထမင်းလည်း ဖြစ်သလို စားနိုင်မှာဆိုတော့လည်း ဘယ့်နှယ့်လုပ် မလဲ။
ကံဆိုးရှာတဲ့ မခင်လေးတို့လို မိုင်းထိ ခြေပြတ်၊ ဒဏ်ရာတစ်ခုခုရပြီဆို ဆေးရုံရောက်ဖို့လည်း ငွေလို၊ဆေးကုသဖို့လည်း ငွေလိုအပ်။အဲဒါကြောင့် မခင်လေး မိုင်းထိတော့ ကုသမှုစရိတ်စကတွေကို ဖြေရှင်းဖို့ မိသားစုပိုင် နွား၂ကောင်ရောင်းချလိုက်ရ။ဒီလိုပဲ ကြုံသလို ဖြေရှင်းကြရင်းနဲ့ ငတ်ရင်လည်း ငတ်၊ စစ်တပ်မီးရှို့လို့ ကိုယ့်ရပ်ရွာ ပြာကျရင်လည်း ကျ။စစ်ဘေးရှောင်တိုင်းရဲ့ ဘုံဆန္ဒက ကိုယ့်အိမ် ကိုယ့်ယာဆီ ပြန်ချင်စိတ်နဲ့ အသက်ဆက်ရှင်ချင်စိတ်ပဲလို့ ဒေသခံPDFရဲဘော်တစ်ဦးက မှတ်ချက်ပြု တယ်။
တဲပုကလေးနဲ့ ဖြစ်သလို စစ်ရှောင်နေတဲ့ အသက်၅၀အရွယ် အမျိုးသမီးကြီးကလည်း “ကိုယ် ပဲဖြစ်နေတာမှ မဟုတ်တာ ၊ တစ်တိုင်းပြည်လုံးဖြစ်နေတာပဲ။ ရှောင်စရာရှိ ရှောင်ရမယ်။ လုပ်စရာရှိ လုပ်ရမှာပဲ။ ကြီးတို့ကတော့ ရွာပြာကျချင်လည်းကျ ဒီခွေးတွေထွက်ဖို့ အရေးကြီးတယ်။ စစ်ရှောင်ရ တာ ကြာလာတော့ အိမ်ကတော့ပြန်ချင်တာပေါ့။ လုပ်ငန်းတွေလည်း မဖြစ်မြောက်နဲ့လေ။ ပါတာ တွေလည်း ကုန်ပြီ။ အခုတော့ နှမ်းရိတ်လေးခေါ်ရင်ကို ပျော်နေရတာပဲ”လို့ သူ့အိမ်လွမ်းဝေဒနာကို ခင်းပြတယ်။
ဘာပဲဖြစ်ဖြစ် အသက်ရှင်လျက်နဲ့ အိမ်ပြန်နိုင်ရေး။မခင်လေးသည်လည်း ခြေတစ်ဖက် မရှိ တော့ပေမဲ့ အသက်ရှင်သန်ရေး။မခင်လေးရဲ့ယောကျာ်းက မနက်ခင်းနိုးလာတာနဲ့ မခင်လေးရဲ့ ဝေ ယျာဝစ္စ မျက်နှာသစ်၊ ခေါင်းဖြီး၊အပေါ့၊အလေး အစစအရာရာ စိတ်ရှည်လက်ရှည်။ယောကျာ်းနဲ့ မိဘ တို့ရဲ့ မညီးမညူ လုပ်ကိုင်ပေးနေတာကြောင့် စိတ်ပျက်အားငယ်မှုတွေ အနည်းငယ်သက်သာရာ ရ တယ်လို့ မခင်လေးက ဆိုတယ်။
ဒါပေမဲ့၊မိုင်းမထိခင်က ယောကျာ်းတွေနဲ့တန်းတူနီးပါး နင်လားငါလား အလုပ်တွေကျုံးလုပ်ခဲ့ တဲ့ မိန်းမ။နွား ၉ကောင်၊၁၀ကောင် တစ်ကိုယ်တော် ကျောင်းနိုင်ခဲ့တဲ့ မိန်းမက အခုတော့ အစစအရာ ရာ ကူသူမရှိရင် ဘာမှမလုပ်နိုင်တဲ့အခြေမို့ ကိုယ့်ဘဝကိုယ် အားမလိုအားမရစိတ်တွေလည်း အပြည့် ပေါ့။
မခင်လေးရဲ့ အဒေါ်ဖြစ်သူက “သူက အလုပ်အရမ်းလုပ်တာ”လို့ ပြောတော့ မခင်လေးရဲ့ မျက် လုံးတွေက စိတ်ပျက်အားငယ်စွာ။ပြီးတော့ သူ့သမီးလေးကို လှမ်းမြင်လိုက်တဲ့အခါမှာတော့ မခင် လေးရဲ့
မျက်လုံးနဲ့ အပြုံးက သိသိသာသာ အသက်ဝင်လာ။
“စခတွေက ပြည်သူတွေကို အရှင်မထားချင်နေပေမဲ့ ကျနော်တို့ပြည်သူတွေက လောကဓံမျိုး စုံကို ခါးစည်းခံနေရတဲ့ကြားက အသက်ရှင်ချင်စိတ် အပြည့်ရှိနေတာ ဒါဟာ စစ်အာဏာရှင်ကို တော် လှန်နေတာပဲ”လို့ ဒေသခံ PDFရဲဘော်က ဆိုတယ်။
ကျနော်တို့ စစ်ဘေးရှောင်တွေ အသက်ရှင်သန်ချင်စိတ်ကြီးစွာနဲ့ အိမ်ပြန်ချင်ကြတာ သိပ်သေ ချာတယ်။
မခင်လေးမှာ ခြေတစ်ဖက်မရှိတော့ပေမဲ့ အနာဂတ်ဆိုတာ အသေအချာ ရှိနေတယ်။



















