တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ တရုတ်တန်း (Chinatown) တစ်လျှောက်နှင့် ဘုရားကျောင်းများတွင် နှစ်သစ်အတွက် လာရောက်ဝတ်ပြု ဆုတောင်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အနီရောင် မီးပုံးလေးများ တန်းစီချိတ်ဆွဲထားသည့် လသာလမ်းမကြီးပေါ်တွင် ရိုးရာဝတ်စုံများ ဆင်မြန်းထားသူများကို အများအပြား တွေ့မြင်ရသည်။
အထူးသဖြင့် မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုလိုက် လာရောက်ကြပြီး နှစ်သစ်ကူး အငွေ့အသက်ကို ခံစားရင်း အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေကြသည့် မြင်ကွင်းများက ရန်ကုန်မြို့၏ ယဉ်ကျေးမှုပေါင်းစုံ ယှဉ်တွဲနေထိုင်မှု (Diversity) ကို ပီပြင်စွာ ထင်ဟပ်နေသည်။



















