မင်းအောင်လှိုင်အပါအဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ‌NUG ကြေညာ

ဓာတ်ပုံ လူမှုကွန်ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများ အဖြစ် ယနေ့ (ဒီဇင်ဘာ ၂၁ရက်)ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၅) ကို ထုတ်ပြန်၍ ကြေညာလိုက်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆(င) နှင့် ပုဒ်မ ၇၂(ခ) ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

ကြေညာချက်တွင် စစ်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တို့အပြင် စစ်ဘက်နှင့် အရပ်ဘက်မှ ကောင်စီဝင်ဟောင်း/သစ် စုစုပေါင်း ၃၃ ဦး ပါဝင်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို အခြေခံ၍ သတ်မှတ်ထားခြင်းဖြစ်သည်။

အကြမ်းဖက်သမားအဖြစ် ကြေညာခံရသည့် စစ်ကော်မရှင်ခေါင်းဆောင်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ပူဂင့်ကမ်းလျန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရန်ကျော်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစော တို့ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည့်အပြင် တော်လှန်ရေးအင်အားစုများနှင့် မိဘပြည်သူများအနေဖြင့်လည်း ၎င်းတို့ကို ဖမ်းဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။