တောင်ကိုရီးယားတက္ကသိုလ်များတွင် ဘွဲ့ရယူရန် ပညာသင်ကြားနေသော နိုင်ငံတကာကျောင်းသားများ၏ ထက်ဝက်ကျော်သည် သင်ရိုးညွှန်းတမ်းများကို ကောင်းစွာလေ့လာနိုင်ရန်အတွက် လိုအပ်သော ကိုရီးယား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအခြေအနေကြောင့် လုံလောက်သော အကူအညီများမပေးဘဲ နိုင်ငံခြားသားကျောင်းသားများကို ဆွဲဆောင်ရန် တွန်းအားပေးမှုအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန၏ သောကြာနေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဘွဲ့ရယူလိုသော နိုင်ငံတကာကျောင်းသားများ၏ သုံးပုံတစ်ပုံ (၃၄ ရာခိုင်နှုန်း) သာ တရားဝင် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (TOPIK) တွင် အဆင့် ၄ သို့မဟုတ် အထက် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ အဆင့်သည် သတင်းစာဆောင်းပါးများ သို့မဟုတ် ပညာရပ်ဆိုင်ရာ စာသားများကို ဖတ်ရှုနားလည်နိုင်ရန်အတွက် အနိမ့်ဆုံး လိုအပ်သည့်အဆင့် ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားဖြင့် အထောက်အထားတင်ပြသူများအတွက် အရေအတွက်မှာ ပို၍ပင် နည်းပါးသည်။ နိုင်ငံခြားသားကျောင်းသားများ၏ ၁၁ ရာခိုင်နှုန်းသာ အရည်အချင်းပြည့်မီသည့် TOEFL iBT ရမှတ် ၅၉ သို့မဟုတ် အထက်ကို တင်ပြနိုင်ခဲ့ပြီး ၎င်းသည် အင်္ဂလိပ်ဘာသာစကားကို အခြေခံနားလည်နိုင်သည့် TOEIC ရမှတ် ၅၀၀ ခန့်နှင့် ညီမျှသည်။
ယခုတွေ့ရှိရသည့် အချက်အလက်များကို ပေါင်းကြည့်ပါက တက္ကသိုလ် သို့မဟုတ် ဘွဲ့လွန်သင်တန်းများတွင် စာရင်းပေးသွင်းထားသည့် နိုင်ငံခြားသားကျောင်းသား ၁၄၅,၇၅၇ ဦးအနက် ကျောင်းသား ၈၀,၀၀၀ ခန့် (ထက်ဝက်ကျော်) သည် ၎င်းတို့၏ ပညာသင်ကြားမှုများကို လိုက်နိုင်ရန်အတွက် လုံလောက်သော ကိုရီးယား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မရှိနိုင်ကြောင်း တွေ့ရသည်။
တောင်ကိုရီးယားတက္ကသိုလ်များကို ဘာသာစကားကျွမ်းကျင်မှုစံနှုန်းများ (ဝင်ခွင့်အတွက် TOPIK အဆင့် ၃ နှင့် ဘွဲ့မရမီ အဆင့် ၄) ကို အဆိုပြုထားသော်လည်း ယင်းသည် ဥပဒေအရ မဖြစ်မနေ လိုအပ်ချက်များ မဟုတ်ပေ။ ဆိုလိုသည်မှာ ကျောင်းများသည် ကျောင်းသားများ၏ ကိုရီးယား သို့မဟုတ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို စမ်းသပ်စစ်ဆေးခြင်းမရှိဘဲ လက်ခံနိုင်သည်။
ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက တက္ကသိုလ်များသည် ကျောင်းဝင်ခွင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ရှင်းပြခဲ့သော်လည်း အရည်အချင်းမပြည့်မီသော ကျောင်းသားများကို များပြားစွာ လက်ခံသော ကျောင်းများအတွက် ကျောင်းသားဗီဇာထုတ်ပေးမှုကို အစိုးရက ကန့်သတ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တောင်ကိုရီးယားရှိ တက္ကသိုလ်များသည် ကျောင်းရန်ပုံငွေအတွက် လိုအပ်သည့် ငွေကြေးဖိအားများ ပိုမိုရင်ဆိုင်နေရသည်။ ဒေသတွင်း ကောလိပ်တက်ရောက်နိုင်သည့် အသက်ရွယ်ရှိသူဦးရေ လျော့နည်းလာခြင်းနှင့် ၁၀ နှစ်ကျော်ကြာ ကျောင်းလခများ တိုးမြှင့်ခြင်း မရှိခြင်းတို့ကြောင့် တက္ကသိုလ်များစွာသည် ဝင်ငွေကျဆင်းမှုကို ကာမိစေရန်အတွက် နိုင်ငံတကာကျောင်းသားများကို အားထားလာကြသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတကာကျောင်းသား ၃၀၀,၀၀၀ ကို ဆွဲဆောင်ရန်အတွက် “Study Korea 300K” မဟာဗျူဟာကို စတင်ခဲ့သည်။
ထိုမူဝါဒ၏ အစိတ်အပိုင်းအဖြစ် ကျောင်းဝင်ခွင့်အတွက် ဘာသာစကား လိုအပ်ချက်များကို ထပ်မံလျှော့ချခဲ့သည်။ စံပြုစစ်ဆေးမှုရမှတ်များအစား ကျောင်းသားများသည် ၎င်းတို့၏ စစ်မှန်သော ဘာသာစကားကျွမ်းကျင်မှု နိမ့်ပါးနေသေးသော်လည်း ကိုရီးယားဘာသာစကားသင်တန်း ကျောင်းများမှ လက်မှတ်များကို တင်ပြနိုင်သည်။
အဆိုပါပြောင်းလဲမှုသည် နိုင်ငံခြားကျောင်းသားဝင်ခွင့် သိသိသာသာ မြင့်တက်လာစေရန် အထောက်အကူပြုခဲ့ပုံရသည်။
၂၀၁၄ မှ ၂၀၂၄ ခုနှစ်အတွင်း ကိုရီးယားတွင် ဘွဲ့ရယူရန် ပညာသင်ကြားနေသော နိုင်ငံတကာကျောင်းသားဦးရေသည် ၅၃,၀၀၀ ခန့်မှ ၁၄၅,၀၀၀ ကျော်အထိ သုံးဆနီးပါး တိုးလာခဲ့သည်။
အချို့သော ပါမောက္ခများနှင့် ကျောင်းသားများကလည်း အကျိုးဆက်များကို ခံစားနေရပြီဖြစ်သည်။ ဆိုးလ်မြို့ရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးက “ဘာသာစကားကျွမ်းကျင်မှုမရှိတဲ့ အတန်းဖော်တွေနဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့ ကိုရီးယားကျောင်းသားတွေက တွန့်ဆုတ်နေတဲ့အတွက် အဖွဲ့လိုက် ပရောဂျက်တွေကို သင်ရိုးညွှန်းတမ်းတွေကနေ ဖယ်ရှားပစ်ခဲ့ရတယ်” ဟု ကိုရီးယားမီဒီယာသို့ ပြောကြားခဲ့သည်။
လျှော့ပေါ့ပေးထားသော ဝင်ခွင့်များ၏ ရေရှည်အကျိုးသက်ရောက်မှုကြောင့် ကိုရီးယား၏ အဆင့်မြင့်ပညာရေးစနစ်၏ ဂုဏ်သိက္ခာနှင့် အရည်အသွေးအပေါ် စိုးရိမ်ပူပန်မှုများလည်း ပေါ်ပေါက်လာနေသည်။
Konkuk University ၏ ရွှေ့ပြောင်းနေထိုင်မှုနှင့် လူမှုပေါင်းစည်းရေး သုတေသနစင်တာမှ အကြီးတန်းသုတေသနပညာရှင် ဟန်ဂျီအွန်က အစိုးရ၏ ‘300K’ အစီအစဉ်သည် “ငွေကြေးဖိအားအတွက် အရေးပေါ် တုံ့ပြန်မှုတစ်ခုအဖြစ်သာ ရှိနေသည်” ဟု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် အစီရင်ခံစာ၌ သတိပေးခဲ့ပြီး နိုင်ငံခြားသားကျောင်းသားများ၏ ပညာရေးစွမ်းဆောင်ရည် သို့မဟုတ် ပေါင်းစည်းမှုကို မြှင့်တင်ရန်အတွက် ခိုင်မာသောဖြေရှင်းနည်းများ ချို့တဲ့နေသည်ဟု ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်တွင် Statistics Korea က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ နိုင်ငံတကာမှ ဘွဲ့ရရှိသူများ၏ ၃၅ ရာခိုင်နှုန်းသာ ကိုရီးယားတွင် အလုပ်ရှာဖွေရန် စီစဉ်နေပြီး ၄၀ ရာခိုင်နှုန်းကမူ ဘွဲ့ရပြီးနောက် နိုင်ငံတွင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက်မရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို တောင်းခံခဲ့သည့် လွှတ်တော်အမတ် ဂျင်ဆွန်မီက အဆိုပါ ကိန်းဂဏန်းများသည် မူဝါဒပြုပြင်ပြောင်းလဲမှုများ အရေးပေါ်လိုအပ်နေကြောင်း ရှင်းရှင်းလင်းလင်းပြသနေသည်ဟု ပြောကြားခဲ့သည်။
“နိုင်ငံခြားကျောင်းသားတွေဟာ အရေအတွက်အရ နေရာဖြည့်ပေးရုံသက်သက်မဟုတ်ဘဲ ပညာရေးအရ အောင်မြင်နိုင်ဖို့အတွက် ဝင်ခွင့်စံနှုန်းတွေကို တိုးမြှင့်ဖို့နဲ့ အကူအညီတွေကို ချဲ့ထွင်ပေးဖို့ ရှင်းလင်းတဲ့ လိုအပ်ချက်ရှိပါတယ်” ဟု ဂျင်က ပြောကြားခဲ့သည်။
