By MPA
မန္တလေးတိုင်း စစ်ဆင်ရေးအတွင်း ဗိုလ်မှူးချုပ်နှစ်ဦးနှင့် ဒုတပ်မဟာမှူးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး တပ်ရင်းမှူး တစ်ဦးသုတ်သင်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့( ဇွန် ၁၄ရက်)တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေအတွင်း ပြောက်ကျားတိုက်ပွဲပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ (၁၈) ဦး သေဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးနယ်မြေအတွင်း ပြောက်ကျားတိုက်ပွဲများသာမက ရန်သူ့ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်မှု (၃) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ရန်သူ့ယာဉ်တန်း ခြုံခိုတိုက်ခိုက်မှုဖြစ်စဉ်များတွင် အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် မန္တလေးတိုင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်သို့ ဦးတည်၍ ထိုးစစ်ဆင်လျက်ရှိသော စစ်ကော်မရှင်၏ စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့နောက် ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်၏ နေရာသို့ အစားထိုးဝင်ရောက်လာသော အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနှင့် ရန်သူ့ဒရုန်းတပ်ဖွဲ့ကိုလည်း PDF တပ်ဖွဲ့ဝင်များက ထပ်မံ၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ ရန်သူ့ဒုတပ်မဟာမှူးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြန်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ထီးချိုင့်မြို့စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄) တပ်ရင်းမှူး ဗိုလ်မှူး နေအောင်ထွန်း (ကြည်း ၅၄၈၅၉) နှင့် တပ်ကြပ် အောင်ဇော်ဇော်တို့အား မန္တလေးတိုင်းအတွင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
ဆက်လက်ပြီး မြင်းခြံခရိုင်အတွင်းသို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာသော ရန်သူ့စစ်ကြောင်းများကို PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် (၂) စီး မီးလောင်ပေါက်ကွဲခဲ့ပြီး ရန်သူ (၁၀) ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကော်မရှင်ကို ရွံ့ရွံ့ချွံချွံ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် တတ်စွမ်းသမျှ ဆက်လက်ကူညီဖေးမပေးပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။
