ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးသည် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံထားရကြောင်း စုံစမ်းသိရှိရသည်။
စစ်တပ် ပေါ်တာဆွဲခံခဲ့ရသည် မစောယဉ်ထွေး အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန် ၎င်း၏မိခင်ဖြစ်သူ ဒေါ်လှရင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့စွဲဖြင့် နေပြည်တော်ရှိ စစ်ကော်မရှင် (ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့) ဥက္ကဋ္ဌထံ လိပ်မူ၍ အသနားခံစာ ပေးပို့တင်ပြထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက် ၂၄ နှစ်အရွယ်ရှိ မစောယဉ်ထွေးသည် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက်၊ အနော်ရထာလမ်းရှိ ADORABLE LED မှန်အလှဆင် လုပ်ငန်းခွင်သို့ သွားရောက်စဉ် လမ်းခရီး၌ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းနောက်ပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် မိသားစုက ဖုန်းဖြင့် လိုက်လံဆက်သွယ်စုံစမ်းရာတွင်မှ မစောယဉ်ထွေးသည် လမ်းခရီး၌ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်အခြေစိုက် အမှတ် (၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မန်ကတ်) သို့ ရောက်ရှိကာ စစ်သင်တန်း အတင်းအကျပ် တက်ရောက်နေရကြောင်း စုံစမ်းသိရှိရသည်။
“၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဇေကမ္ဘာဝင်းထဲမှာ မှန်သွားတပ်ပြီးအပြန်၊ ရွှေပေါက်ကံတံတားနားမှာ ကားငှားလို့မရလို့ စောင့်နေတုန်း အနောက်ကနေ တက္ကစီတစ်စီး လိုက်လာပြီး မစောယဉ်ထွေးနဲ့ နောက်တစ်ယောက်ကို ကားနောက်ဖုံးထဲ အတင်းထည့်ခေါ်သွားပါတယ်။ အဲ့ဒီနောက်မှာ နောက်ထပ် လူ ၃ ဦးကပါ ဝိုင်းဖမ်းခေါ်သွားတယ်လို့ မိဘတွေဆီ ဖုန်းဆက်ပြောခဲ့ပါတယ်။ လမ်းခရီးမှာတော့ ဗိုလ်တစ်ဦးက ကူညီပေးခဲ့လို့ ဖုန်းဆက်သွယ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လုံးဝအဆက်အသွယ် မရတော့ပါဘူး” ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက MPA သို့ပြောသည်။
မစောယဉ်ထွေးသည် ကျန်းမာရေးမကောင်းမွန်သည့် မိဘနှစ်ပါးကို အနီးကပ်ပြုစုလုပ်ကျွေးနေရသည့် တစ်ဦးတည်းသောသမီး ဖြစ်ကြောင်း၊ ၎င်း၏ နေရပ်လိပ်စာအမှန်ဖြစ်သော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၈) ရပ်ကွက်တွင်လည်း စစ်မှုထမ်းရန်အတွက် အလှည့် လုံးဝမကျသေးကြောင်း မိခင်ဖြစ်သူက အသနားခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
မိခင်ဖြစ်သူ ဒေါ်လှရင်က သမီးဖြစ်သူ၏ နေရပ်လိပ်စာအမှန်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာ ရှိခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ပုံမှန်အတိုင်း ဆင့်ခေါ်လာပါက နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေမည်ဖြစ်သော်လည်း၊ ယခုကဲ့သို့ စစ်မှုထမ်းရန် အလှည့်မကျသေးဘဲ လမ်းခရီး၌ မတရား ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်သင်တန်းကျောင်းသို့ ရောက်ရှိနေခြင်းကြောင့် စစ်မှုထမ်းဆောင်ရမည့်ကိစ္စကို ယာယီရွှေ့ဆိုင်းပေးပါရန် အသနားခံ တင်ပြထားသည်။


အစပိုင်းတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် မခေါ်ယူသေးကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ခဲ့သော်လည်း၊ လက်ရှိမြေပြင်တွင် အမျိုးသားများသာမက အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ပစ်မှတ်ထား၍ လမ်းပေါ်မှ နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ သင်တန်းကျောင်းများသို့ ပို့ဆောင်နေသည့် မြေပြင်အခြေအနေကို ယခုဖြစ်စဉ်က အထင်အရှား သက်သေပြနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“ဒီဖြစ်ရပ်ကို ကြည့်ရင် စစ်မှုထမ်းဥပဒေထဲမှာပါတဲ့ ကင်းလွတ်ခွင့်တွေဖြစ်တဲ့ ဥပမာ- မိဘကို ပြုစုရမယ့် တစ်ဦးတည်းသောသမီး ဆိုတဲ့ အချက်တွေကို မြေပြင်အောက်ခြေတပ်ဖွဲ့တွေနဲ့ ဆင့်ခေါ်ရေးအဖွဲ့တွေက လုံးဝလိုက်နာခြင်း မရှိတော့တာ ပေါ်လွင်နေပါတယ်” ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင်လည်း စစ်အင်အားပြည့်မီစေရန် လမ်းပေါ်မှ တွေ့ရှိသူများကို ကြုံသလို ပေါ်တာဆွဲ ဖမ်းဆီးနေရသည့်အထိ စစ်ကော်မရှင်၏ စစ်အင်အား လိုအပ်ချက် အကျပ်အတည်း မည်မျှအထိ ကြီးမားနေသည်ကို ပြသနေကြောင်း မြေပြင်စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။
စာတည်း-ကိုဆန်း
