အညံ့ခံ ဗိုလ်နဂါးကို အသုံးချပြီး တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန် စစ်ကော်မရှင်လုပ်ဆောင်လာ

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ကော်မရှင်ထံ အညံ့ခံခဲ့သည့် ဗိုလ်နဂါးသည် လက်ရှိတွင် စစ်တပ်၏ ခိုင်းစေချက်အရ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရဲဘော်များအကြား စိတ်ဝမ်းကွဲပြားစေရန်နှင့် တော်လှန်ရေးအပေါ် လူထုစိတ်ပျက်လာစေရန် ရည်ရွယ်သည့် ဝါဒဖြန့်စာများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြလာကြောင်း သတင်းရရှိသည်။

“နဂါးရေးတာနေမယ် စစ်တပ်ကဘာတွေရေးပါဆိုပြီး နဂါးကို ခိုင်းပြီး ဝါဒဖြန့်ဖို့လုပ်တာနေမယ်။ အရေးအသားက နဂါးအရင်တုန်းက ရေးခဲ့တဲ့ အရေးအသားအတိုင်းပါပဲ ” ဟု ဗိုလ်နဂါးနှင့် ရင်းနီးခဲ့သည့် အညာဒေသမှ ရဲဘော်တစ်ဦးက MPA သို့ မှတ်ချက်ပြုသည်။

ဗိုလ်နဂါးနှင့် နီးစပ်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦး၏ ပြောပြချက်အရ ၎င်းသည် ယခင်က ပုဂ္ဂိုလ်ရေးဆန်သည့် ကိစ္စရပ်မျိုးများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုလေ့ မရှိသလောက် ရှားပါးသော်လည်း၊ ယခုထွက်ပေါ်လာသည့် အရေးအသားမှာ ဗိုလ်နဂါး၏ မူလလက်ရာအတိုင်းပင် ဖြစ်နေကြောင်း သိရသည်။

ယင်းသည် စစ်ကော်မရှင်ဘက်က ဗိုလ်နဂါးအား ရှေ့တန်းတင်ကာ တော်လှန်ရေးအင်အားစုများကို ဝေဖန်တိုက်ခိုက်ခိုင်းသည့် ဝါဒဖြန့်ဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ဗိုလ်နဂါး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်၌ ၎င်းအနေဖြင့် အတိတ်က ကူညီခဲ့ဖူးသည့် တော်လှန်ရေးညီအစ်ကိုများက စိတ်ပျက်အောင် ပြုလုပ်ခဲ့ကြသဖြင့် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးကိစ္စများကို ရေးသားရခြင်းဖြစ်ကြောင်း၊ မြန်မာ့လူမှုအဖွဲ့အစည်းတွင် စနစ်ပြဿနာထက် တော်လှန်ရေးသမားများ၏ အမူအကျင့်နှင့် စရိုက်ပြဿနာက ပိုမိုကြီးမားနေကြောင်း ပုံဖျက်လွှဲချကာ ရေးသားထားသည်။

၎င်းပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က “Hnin Yape Nwai” အကောင့်ပိုင်ရှင် ကဗျာဆရာက ရဲဘော်လေးတစ်ဦးထံသို့ ငွေကျပ် သိန်း ၂၀ ကူညီခဲ့ဖူးပြီး၊ အဆိုပါရဲဘော်က ငွေပြန်မဆပ်ဘဲ လပေါင်းများစွာ တိမ်းရှောင်နေသည့်အပြင်၊ နောက်ပိုင်းတွင် ဗိုလ်နဂါး စစ်ကော်မရှင်ထံ အလင်းဝင်သွားသည်ဟု အကြောင်းပြကာ ငွေပြန်မပေးတော့ဘဲ ၎င်း၏ မကောင်းကြောင်းကိုပါ လူမှုကွန်ရက်တွင် ပြန်လည်ရေးသားခဲ့သည်ဟု ဗိုလ်နဂါးဆိုသူ Htin Linn အကောင့်ပိုင်ရှင်က စွပ်စွဲထားသည်။

အဆိုပါ ရေးသားချက်တွင် တော်လှန်ရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် ကိုဇက်၊ ကိုမြတ်သူ၊ ကိုသက်ကြီး၊ ကိုတေဇာစန်း၊ ကိုစိုးဝင်းဆွေ၊ ကိုဆာန်၊ ကိုဆောင်းခ၊ ကိုမျိုးရန်နောင်သိန်း စသည့် အမည်များကိုပါ ထည့်သွင်းဖော်ပြထားပြီး၊ ၎င်းတို့နှင့် အမှတ်တရများစွာ ရှိခဲ့ကြောင်း ရေးသားကာ တော်လှန်ရေးအသိုင်းအဝိုင်းအတွင်း သံသယများ ဖြစ်ပွားစေရန် ဖန်တီးထားသည်ကို တွေ့ရသည်။

ဗိုလ်နဂါးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်ထံ လုံးဝအညံ့ခံသွားခဲ့ပြီး ဖြစ်သဖြင့်၊ ယခုကဲ့သို့ တော်လှန်ရေးရဲဘော်များ၏ ငွေကြေးကိစ္စနှင့် စရိုက်ပြဿနာများကို ထုတ်ဖော်ပြသလာခြင်းမှာ အောက်ခြေတော်လှန်ရေးသမားများကြား ယုံကြည်မှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုက တော်လှန်ရေးအပေါ် အားမလိုအားမရဖြစ်ကာ စိတ်ကုန်သွားစေရန် စစ်တပ်က နောက်ကွယ်မှ စနစ်တကျ ခိုင်းစေ၍ ဝါဒဖြန့်ခိုင်းနေခြင်းသာ ဖြစ်ကြောင်း ရှုမြင်သုံးသပ်နေကြသည်။

စာတည်း-ကိုဆန်း