ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆီမီးသပိတ် ကိုရီးယား ခံတပ်တောင်ပေါ်တွင် ကျင်းပ

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆီမီးသပိတ်ဆု တောင်းပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့အနီးရှိ ဂယဲဆန်းတောင်ပေါ်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဇွန်လ၁၃ရက်၊ည ၇နာရီတွင် ဆီမီးသပိတ်ဆုတောင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ရောက် တော်လှန်ပြည်သူ ၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြကာ ဖယောင်းတိုင်ပုံစံ LED ဆီမီး ထွန်းညှိ ခဲ့ကြကြောင်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ် MFDMC အတွင်းရေးမှူးဦး ကျော်ဆန်းထံက သိရသည်။

“လူ ၅၀ ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ SUU 81 ဆိုပြီး ပုံဖော်ထွန်းညှိခဲ့ကြတာ ဖြစ်ပါတယ်”ဟု MFDMC အတွင်းရေးမှူးဦး ကျော်ဆန်းက MPAသို့ပြောသည်။

ယင်းဆုတောင်းပွဲတွင် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများကို တစ်မိနစ် ငြိမ်သက်ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အတွက် မွေးနေ့ဆုတောင်းခြင်းအပြင် NUGအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် ဦးရန်နိုင်ထွန်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ NLD OC International Korea နှင့် MFDMC တာဝန်ခံတို့က တော်လှန်ရေးအားပေးစကားပြောကြားခြင်း၊SU 80 သို့ ကဗျာပါဒ ၈၀+၁ အပါအဝင် ကဗျာရွတ်ဆိုခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်း သံပြိုင်သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ဂယဲဆန်းတောင်သည် ရှေးဘုရင်အဆက်ဆက်က ပြင်ပကျူးကျော်မှုရန် ကာကွယ်နိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ခံတပ်တောင်ဖြစ်ပြီး သဘာဝအတိုင်း ခံတပ်တံတိုင်းအဖြစ် တားဆီးပေးသလို ကျောက်တုံး၊ကျောက်ဆောင်များဖြင့် တံတိုင်းဆောက်ကာ ခံတပ်ပြုလုပ်ထားကြောင်း သိရသည်။

“ကိုရီးယားပြည်သူတွေကို အန္တရာယ်ကင်းအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ သမိုင်းဝင်တောင် မှာ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး ပြည်သူ့ကောင်းကျိုးကို အများကြီး ထမ်း ဆောင်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့က ဆီမီးသပိတ်ကျင်း ပဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဦးကျော်ဆန်းက MPAသို့ပြောသည်။

ယနေ့(ဇွန်၁၄ရက်)မွန်းလွဲတစ်နာရီတွင် ဆိုးလ်မြို့၊ မြောင်ဒုံ (တရုတ်သံရုံးအနီး)၌ Proof of Life ဆန္ဒပြပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။