ရွှေပြည်သာတွင် အရက်မူးပြီး တို့အရေးအော်သူ ၅ ဦး ဖမ်းဆီးခံရဟုဆို

ဓာတ်ပုံ-AFP
ပုံစာ-ရန်ကုန်တွင် ညဘက် စစ်တပ် ကင်းလှည့်နေပုံ(ပုံဟောင်း)

ရန်ကုန်မြို့တွင် စစ်တပ် တစ်ပတ်တာ မတရားဖမ်းဆီးမှုများထဲ၌ အရက်မူးပြီး တို့အရေး အော်သူ ၅ ဦး လည်း ပါဝင်ကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အတွင်း ရန်ကုန်မြို့၊စမ်းချောင်း၊ အင်းစိန်၊ မြောက်ဒဂုံ၊ လှိုင်၊ တောင်ဒဂုံ၊ ကျောက်တံတား၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့နယ်တို့၌ ဖမ်းဆီးခံရသူ ၄၁ ဦး ရှိသည့်အနက် အရက်မူးပြီး တို့အရေးအော်သူ ၅ ဦးမှာ စက်တင်ဘာ ၁၆ ရက်၊ ည ၉ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်မီးပွိုင့်အနီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN တာဝန်ရှိသူထံကသိရသည်။

“အဲ့နားမှာ(ထန်းခြောက်ပင်မီးပွိုင့်အနီး)ဘီယာဆိုင်တစ်ဆိုင်လည်းရှိတယ်။အဲ့ဆိုင်ထဲက အရပ်ဝတ် တွေထွက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားတာပါ”ဟု တို့အရေးအော်သူ ၅ ဦး ဖြစ်စဉ်အကြောင်း ၎င်းက MPA သို့ပြောသည်။

ယင်းသို့ အရက်မူးပြီး တို့အရေးအော်သည့်ဖြစ်စဉ်မျိုးကို ယခုနှစ်အတွင်း ရန်ကုန်၌ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံရသူ ၄၁ ဦးတွင် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄ ဦး၊ ရမ်းသန်းဖမ်းဆီးခံရသူ ၃၅ ဦး နှင့် စစ်ဆေးပြီး ဖမ်းဆီးခံရသူ ၂ ဦးတို့ ပါဝင်သည်။

သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူများအနက် ၂ ဦးမှာ ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြခြင်း ကြောင့်ဖြစ်ပြီး တစ်ဦးမှာ CDM ထောက်ပို့ထီရောင်းခြင်းကြောင့်ဟုဆိုကာ ကျန် တစ်ဦးမှာ အွန်လိုင်းပေါ် စစ်တပ် ဝေဖန်စာများရေးခြင်းကြောင့်ဟု သိရကြောင်း RSNက ထုတ်ပြန်ထားသည်။

ယခုအပတ်အတွင်း ရန်ကုန်မြို့ လမ်းမများပေါ် ဖမ်းဆီးခံရသူ ၁၀ ဦးရှိကြောင်း သိရသည်။