ကလေးမြို့တွင် စစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်သည့်အပြင် Wifi အသုံးပြု၍ ငွေလဲငွေထုတ်လုပ်သူများကိုပါ ဖမ်းဆီးခိုင်းနေ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်က အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး Wifi အသုံးပြု၍ ငွေလဲငွေထုတ်လုပ်သူများကို ဖမ်းဆီးခိုင်းနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့် ယခုလိုဖြတ်တောက်ထားသည်ကို မသိရှိရကြောင်း ကလေးမြို့၊ တာဟန်းရပ်ကွက်နေအမျိုးသားတစ်ဦးက MPAကိုပြောသည်။

” ကြာပြီ နှစ်ပတ်လောက်ရှိပြီ။ ဘာသတင်းမှလည်းမသိရဘူး။ ဘာလို့ပိတ်လဲတော့မသိဘူး။ ဖုန်းလိုင်းတောင် Ooredooပဲရတယ်။ ဒါတောင် တိုင်ကပေါ်လိုက်ပျောက်လိုက်။ ဒီနေ့တမနက်လုံး တိုင်ပျောက်နေတာ ခုမှပြန်ရတာ ” ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်သည် ကလေးမြို့တွင်း Wifiဆိုင်များကိုပါ ဖမ်းဆီးမှုရှိနေပြီး ငွေလွှဲငွေထုတ်ရန်အတွက် ခဏတဖြုတ်သုံးသည့် Wifi ဆိုင်များကိုပင် စစ်ကော်မရှင်ကိုထောက်ခံသည့် ချန်နယ်များတွင် ဖမ်းဆီးရန်တိုင်တန်းမှုများရှိနေသည်။

” ခက်ခဲတာပေါ့။ အလုပ်ကဘာမှလုပ်မရတော့ဘူးလေ။ ငွေလွှဲငွေထုတ်ဖို့တောင် ခက်ခဲတယ်။ တခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်း ခက်ခဲကြမှာပါ့။ သတင်းအမှောင်ချချင်လို့ ထင်တာပဲ”ဟု online shopလုပ်သည့် ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးက MPAကိုပြောသည်။

စစ်ကော်မရှင်သည် ကလေးမြို့ကိုအင်တာနက်လိုင်းများဖြတ်တောက်၍ ပြည်သူများအား စစ်မှုထမ်းရန်အတွက် ဖမ်းဆီးပေါ်တာဆွဲမှုများလည်း ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း သိရသည်။

ယင်းအပြင် ကလေးမြို့နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းများသို့ စစ်ကော်မရှင်သည် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေပြီး ကလေးမြို့နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

” မြောက်ပိုင်း ကလေးနဲ့တမူးကြားပေါ့။ အဲ့မှာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်။ စခတွေဘက်က အဲ့ဘက်ကိုအားစိုက်နေတဲ့အနေအထားလို့ပြောရမယ် ” ဟု ကလေးတောင်ပိုင်း တော်လှန်ရေးသတင်းရင်းမြစ်က MPAကိုပြောသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် ကလေးမြို့ ဒေသခံပြည်သူများအနေဖြင့် သတင်းအချက်အလက်စီးဆင်းမှုအပြင် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားမည်ကိုပင် စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။