ထိုင်းမှ ပြန်ပို့ပြီးနောက် စစ်တပ်ထဲ သွတ်သွင်းခံရသည့် စစ်မှုထမ်းတပ်သား ၇ ဦး လက်နက်မဲ့ အလင်းဝင်လာကြောင်း ကေအဲန်ယူ၊မြိတ်ထားဝယ်ခရိုင်က ယနေ့ (စက်တင်ဘာ ၂၂ ရက်) ည သတင်း ထုတ်ပြန်သည်။
တနင်္သာရီတိုင်း၊ပလောက်မြို့အခြေစိုက် တိုင်းဗိုလ်အမှတ် ၁၂ လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှု ထမ်းတပ်သား ၇ ဦးသည် ပုလောမြို့နယ်(လယ်မူလား)အတွင်းရှိ KNLA တပ်မဟာ ၄ လက်အောက်ခံ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ ထံသို့ လက်နက်မဲ့ ထွက်ပြေး အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
“NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ နိုင်ငံတကာအထိပေါက်ရောက်တဲ့ အရပ်ဘက်အဖွဲ့တွေ အနေနဲ့ ထိုင်းတို့ မလေးရှားတို့မှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး စစ်ကော်မရှင်ဆီကို ပြန်လွှဲခံရပြီးတော့ စစ်တပ်ထဲ အဓမ္မပို့ဆောင်ခြင်းခံရတဲ့သူတွေရဲ့အကြောင်းကို သေချာတွေ့ဆုံမေး မြန်းပြီး စာတမ်းတစ်စောင်ပြုစုဖို့ လိုပါပြီ။အဲဒီစာတမ်းကို ကုလအဖွဲ့အစည်းတွေနဲ့ အာဆီယံကို ပို့ပြီး ကမ္ဘာသိအောင် လုပ်ဖို့ လိုပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတပ်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။
ယင်းတပ်သား၇ဦးတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေစဉ် အဖမ်းခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခံရခြင်းဖြစ်ကြောင်း ကေအဲန်ယူ၊မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
ဩဂုတ်လအတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာ ၇၀၅ ဦးနှင့် မလေးရှားတွင် ဖမ်းဆီးခံရသည့်မြန်မာ ၁၆၃ ဦးရှိပြီး ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်မှု၊ လူဝင်မှုကြီးကြပ်ရေးအမှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Spring Revolution Database- SRD က စက်တင်ဘာ ၁၃ ရက်၌ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း ဒေသတွင်းနိုင်ငံများသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် တရုတ်နိုင်ငံ၌ ၁ ဦး၊ ထိုင်း၌ ၃၁၇၇ ဦး၊ မလေးရှား၌ ၂၉၄၄ ဦးနှင့် အိန္ဒိယ၌ ၅၃ ဦး စုစုပေါင်း ၆၁၇၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း SRD က ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့က ကမ္ဘာ့နိုင်ငံများအနေနှင့် ဒုက္ခသည်အဖြစ် ခိုလှုံလာသည့် မြန် မာပြည်သူများကို နေရပ်ပြန်မပို့ရန် တောင်းဆိုထားသည်။
