ရခိုင်ပြည်နယ်၊ မောင်တောအခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက် မမုဒြာကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးခဲ့ကြောင်း ယင်းမီဒီယာက ယနေ့(စက်တင်ဘာ ၂၂ရက်)တွင် ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၀ ရက်နေ့၊မြန်မာစံတော်ချိန် မနက် ၁၁ နာ ရီကျော်အချိန်ခန့်က မောင်တောမြို့၊နေ အိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်းကို အဆိုပါမီဒီယာက ယနေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက်၊ နံနက် ၁၁နာရီကျော်က မောင်တောမြို့ရှိ မမုဒြာနေအိမ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ၏ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ဒီလိုထုတ်ပြန်ချက်တွေထုတ်ပြီးလူသိရှင်ကြားမဖြစ်ချင်ခဲ့ပါဘူး။ ဥပဒေအရခေါ်မေးပြီးပြန်လွှတ်ပေးလိုက်မယ်ထင်လို့စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ သုံးရက်ထိပြန်လွှတ်မပေးလို့မေတ္တာရပ်ခံလိုက်တာပါ၊ အစိုးရလုပ်ရင်တော့ ဥပဒေကိုလေးစားလိုက်နာပြီးသဘောထားကြီးပေးစေချင်ပါတယ်။ သတင်းမီဒီယာတွေကို မကျေနပ်ချက်တွေနဲ့ဖိနှိပ်ချင်ရင်တော့ ကမ္ဘာကြီးရဲ့တန်ပြန်မှုတွေကို ခံရမှာမလွဲပါဘူး” ဟု Border News Agency၏ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင် ကဆိုသည်။
ယခုကဲ့သို့ သတင်းထောက်အမျိုးူသမီးကို ဖမ်းဆီးသွားသူများအနေဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေမှုအပေါ် လူသားချင်းစာနာမှုနှင့် နိုင်ငံတကာဥပဒေများကို အလေးထားပြီး ပြန်လည်လွှတ်ပေးရန် Border News Agency ကမေတ္တာရပ်ခံထားသည်။
“သူတို့ပြောစကားတွေအရတော့ BNA ကို မကြိုက်ဘူး။ မကျေနပ်ပါဘူး။ အဓိက အဲဒါကြောင့်လို့သူတို့ပြောကြတာပါပဲ။သတင်းမှန်၊မမှန်ထက် ခံစားချက်တွေကြောင့်လုပ်တာလို့ မြင်ပါတယ်” ဟု အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင် ကဆိုသည်။
အဆိုပါအမျိုးသမီးသတင်းထောက် မမုဒြာနှင့်ပတ်သက်ပြီးနားလည်မှုလွှဲမှားနေသည် များရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း Border News Agency ကထုတ်ပြန်ထားသည်။
“ယခုလိုခေါ်ပြီး ဘာသတင်းမှမရဘဲ ဒီလိုပျောက်နေတာမျိုးတော့ အဆင်မပြေဘူး။ မီဲဒီယာတိုက်နဲ့ ULA /AA ကြား နှစ်ဖက်အဆင်ပြေပြေနဲ့ ပြီးသွားစေချင်တယ် ” ဟု ရခိုင်သတင်းသမားတစ်ဦးကဆိုသည်။
Border News Agency သည် ပဋိပက္ခပေါင်းစုံကြုံတွေ့နေကြရသည့် အာရက္ခဒေသတွင် ဗဟုဝါဒ၊စုံလ င်ကွဲပြားမှုများကို မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးနှင့်လူမှုသဟဇာတဖြစ်မှုအပေါ် အခြေခံကာ အာရက္ခဒေသရှိ ဘာသာပေါင်းစုံနှင့်လူနည်းစုများ၏အသံများကို ဖော်ထုတ်နေသည့် သတင်းမီဒီယာတစ်ခုဖြစ်သည်။
အာရက္ခဒေသတွင် စည်းမျဉ်းစည်းကမ်းအတိုင်းလိုက်နာနိုင်ပါက သတင်းသမားများသတင်းယူနိုင်ကြောင်းကို ULA /AA က သတင်းရှင်းစာရှင်းလင်းပွဲတွင် တရားဝင်ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသများတွင် အာရက္ခတပ်တော် (AA) ၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သတင်းအမှား တင်သည့် သတင်းဌာနများကို အရေးယူမည်ဟု AA ဗိုလ်မှူးထွန်းမင်းနိုင်၏ ခြိမ်းခြောက်ပြောဆိုမှုသည် သတင်းလောကတွင် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။
ယင်းကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် သတင်းသမားများသည် AA နှင့်သက်ဆိုင်သည့် ထိလွယ်ရှလွယ် သတင်းများကို ရေးသားဖော်ပြရာတွင် ပိုမိုသတိထားလာပြီး မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်လာနိုင်ခြင်း၊အများပြည်သူ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ထိန်းချုပ်ခံရခြင်းနှင့် သတင်းစီးဆင်းမှု ပိတ်ဆို့ခံရခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်းဝါရင့်သတင်းဆရာတစ်ဦးကသုံးသပ်ထားသည်။
