စစ်မှုထမ်းအတွက် ဖမ်းဆီးခံထားရသူများ ထွက်ပြေးလာကြောင်း သတင်းအရ ရေဦးမြို့အနီး ထိသွားကာ ပကဖ ကယ်ထုတ်

ဓာတ်ပုံ- စစ်အုပ်စုမီဒီယာ
ပုံစာ -စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်များ ထုတ်ပေးနေပုံ။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံထားရသူများ ထွက်ပြေးလာသည်ဆိုသော သတင်းအရ မြို့အနီးထိ သွားကာ ကယ်ထုတ်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ရေဦးမြို့ အထက၂ ကျောင်းထဲတွင် စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူများကို ချုပ် နှောင်ထားစဉ် ဇွန်လ၁၄ရက်၊မွန်းလွဲတစ်နာရီခန့်က ဖမ်းဆီးခံ လူငယ်၇ဦး ထွက်ပြေးလာခြင်းဖြစ် ကြောင်း သိရသည်။

“ထွက်ပြေးလာတဲ့သူတွေကို ပြည်သူတွေကတစ်ဆင့် သတင်းရယူပြီး မြို့အခြေထိ သွားရောက် ခေါ်ဆောင်ခဲ့တယ်”ဟု ရေဦးပကဖ တာဝန်ရှိသူက MPAသို့ပြောသည်။

လွတ်မြောက်လာသူများအနက် ၅ဦးမှာ ရေဦးမြို့ပေါ်က ဖြစ်ပြီး ၂ဦးမှာ ရေဦးရွာများက ဖြစ်ကြောင်း သိရသည်။

“တစ်ယောက်က ရေဦးမြို့မှာ မှတ်ပုံတင်သွားလုပ်ရင်း အဖမ်းခံရတယ်။နောက်တစ်ယောက်က ခရီး သွားရင်း စစ်ကိုင်းမှာ ကားပေါ်က ဆွဲချခံရတယ်။ကျန် ၅ယောက်က အိမ်ထဲအထိ ဝင်ရောက်ပြီး ပေါ် တာအဆွဲခံရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ၎င်းတို့ ၇ဦးကို စောင့်ရှောက်ထားပြီး အလုပ်အကိုင်နှင့် နေထိုင်စရာ ရရှိရေးအတွက် အကူအညီ ပေးသွားမည်ဟု ရေဦးပကဖ ကဆိုသည်။