မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ရာ အထူးဒေသ (၁) တွင် ကိုးကန့်ခရိုင်ရဲတပ်ဖွဲ့ခေါင်းဆောင်များ ကိုယ်တိုင်ဦးဆောင်၍ မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။
တပ်ဖွဲ့အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ မစတင်မီ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ‘မိမိကိုယ်ကို ဦးစွာတည့်မတ်ပြီးမှ သူတစ်ပါးကို တည့်မတ်ခြင်း’ ဟူသော မူဝါဒအတိုင်း ဒုတိယအဖွဲ့ခေါင်းဆောင် ရဲမှူး ယန်လျို ကိုယ်တိုင်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် (၈) ဦးသည် ပြည်သူလူထုရှေ့မှောက်တွင် ဆီးစစ်ဆေးမှုကို ဦးစွာခံယူခဲ့ကြကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ဆေးမှုတွင် တက်ရောက်စစ်ဆေးခံခဲ့သည့် ရဲတပ်ဖွဲ့ဝင်အားလုံး မူးယစ်ဆေးဝါး ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တပ်ဖွဲ့အတွင်း ကြိုတင်စစ်ဆေးမှု ပြုလုပ်ခြင်းသည် ကိုးကန့်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး တိုက်ဖျက်လိုသည့် ခိုင်မာသော သန္နိဋ္ဌာန်ကို ပြသရာရောက်သကဲ့သို့၊ ဒေသခံပြည်သူလူထု၏ ဥပဒေစိုးမိုးရေးအပေါ် ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုခိုင်မာလာစေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်ကြသည်။
တစ်ဖက်တွင်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ၎င်းတို့ထိန်းချုပ်ရာဒေသများ၌ မူးယစ်ဆေးဝါးပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိသည့် စစ်ကော်မရှင်တပ်များအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များကို အတုယူသင့်ကြောင်း မြေပြင်ပြည်သူများနှင့် စောင့်ကြည့်လေ့လာသူအချို့က နှိုင်းယှဉ်ဝေဖန်မှုများ ရှိနေသည်။
လာမည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုးကန့်ခရိုင်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ရေးအတွက် ကိုးကန့်ခရိုင်ရဲတပ်ဖွဲ့က “၆.၂၆” အထူးလုပ်ငန်းအဖွဲ့ကို ယမန်နေ့ ဇွန်လ ၁၇ ရက် တရားဝင်ဖွဲ့စည်းကြောင်း ကြေညာသည်။
အဆိုပါ လုပ်ငန်းအဖွဲ့ကို ကိုးကန့်ခရိုင် ဒုတိယခရိုင်မှူးနှင့် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး ကျောက်တယ်ရှန်းက အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ရဲမှူး လော်ကျားချန်နှင့် ရဲမှူး ယန်လျိုတို့က ဒုတိယအဖွဲ့ခေါင်းဆောင်များအဖြစ် လည်းကောင်း တာဝန်ယူကာ ရှီရှန်မြို့နယ်ရှိ တာရွှေထန်ကျေးရွာအုပ်စုနှင့် ကျားဇီရှုးကျေးရွာအုပ်စု အပါအဝင် ရှေ့တန်းနယ်မြေများအထိ ကွင်းဆင်း၍ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
အခြားတစ်ဖက်တွင်မူ စစ်အုပ်စု ထိန်းချုပ်ထားဆဲဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးမြို့၌ ဇွန်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ နေ့စဉ်ရက်ဆက် ရှိနေသည်။
ဇွန်လ ၁၆ ရက်နေ့က တောင်ကြီးမြို့တွင် ဘိန်းဖြူ ၅၈ ဂရမ်နှင့်အတူ အရောင်းအဝယ်ပြုလုပ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဇွန်လ ၁၅ ရက်နေ့ကလည်း ကံကြီးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ ကျန်တစ်ဦးမှာ လွတ်မြောက်သွားခဲ့သည်။
ထို့ပြင် ဇွန်လ ၁၃ ရက်နေ့ကလည်း တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်၌ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြေပြင်အခြေအနေများကို စောင့်ကြည့်လေ့လာသူများ၏ ပြောကြားချက်အရ အာဏာသိမ်း စစ်တပ်ထိန်းချုပ်ရာ မြို့ကြီးများတွင် ယခုကဲ့သို့ ဖမ်းဆီးရမိမှုများရှိနေသော်လည်း၊ လက်တွေ့တွင်မူ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်များနှင့် အာဏာပိုင်အချို့၏ လာဘ်ပေးလာဘ်ယူမှုများကြောင့် မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာ အပိတ်အပင်မရှိ ဆက်လက်ကြီးထွားနေဆဲဖြစ်ကြောင်း သိရသည်။
