လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခွေးလေး တိုက်ချီတိုသည် ဇွန်လ ၂၁ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါခွေးလေးသည် မိခင်ဖြစ်သူအတွက် ရိုးရိုးအဖော်ထက် ပိုကြောင်း သားငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) က လူမှုကွန်ရက်တွင် စိတ်မကောင်းစွာဖြင့် ရေးသားထားသည်။
ကိုထိန်လင်းက “တိုက်ချီတိုက မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ” ဟု ဖော်ပြထားသည်။
၎င်းအပြင် တိုက်ချီတိုလေးသည်လည်း မိမိကဲ့သို့ပင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး၊ မိခင်ဖြစ်သူကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိဘဲ မိမိကဲ့သို့ပင် မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေခဲ့ကာ မိခင်ကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့ရှာသူ ဖြစ်သည်ဟု ဆိုသည်။
“အခုတော့ တိုက်ချီတိုလည်း မရှိတော့ပါဘူး။ သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်” ဟု ကိုထိန်လင်းက သူ၏ နာကျင်ရသည့် ခံစားချက်ကို ရေးသားထားသည်။
ဆက်လက်ပြီး ၎င်းကိုယ်တိုင်လည်း မိခင်ဖြစ်သူကို မည်သည့်အချိန်တွင် ပြန်တွေ့ရမည်၊ သို့မဟုတ် ပြန်တွေ့ခွင့်ရဦးမည်လားဆိုသည်ကို မသိရသေးကြောင်းနှင့် အချစ်တော်ခွေးလေးက မိခင်ကို စောင့်ဆိုင်းခဲ့သလို မိမိကိုယ်တိုင်လည်း ယခုထက်ထိ စောင့်ဆိုင်းနေတုန်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးပါက မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်နှင့် မိခင်ကို လွတ်မြောက်ခွင့်ပေးရန်အတွက်လည်း အလေးအနက် တောင်းဆိုထားသည်။
