NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အားအလုံးအရင်းသုံးပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တပ်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့စီးနင်းခဲ့ကြောင်းနှင့် ရဲဘော်မိသားစုဝင်များကို သေနတ်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း PLA ဘက်က ဇွန်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းမှစတင်ကာ NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ ဦးဆောင်သည့် အင်အား ၅၀၀ ခန့်ရှိသော စစ်ကြောင်းသည် တောင်သာမြို့နယ်အတွင်းရှိ PLA အထိုင်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့ခဲ့သည်။
ထို့ပြင် တာဝန်ဖြင့် သွားလာနေသည့် PLA ထောက်ပို့ရဲဘော် ၂ ဦးကို ဖမ်းဆီးရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
“ကျနော်တို့ကို ရွေးချယ်စရာမရှိအောင် မလုပ်ပါနဲ့။NUG အနေနဲ့ တပ်တွေကို သက်ဆိုင်ရာနေရာတွေကို ပြန်ဆုတ်ပေးဖို့လိုပါတယ်၊ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာတွေ ဆက်လုပ်ရင် ထိပ်တိုက်တွေ့ပြီး ပိုရှုပ်ထွေးကုန်ပါ့မယ်။ကျနော်တို့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ရွာတွေထဲ ဝင်ဖမ်းဆီးနေပါတယ်။ရဲဘော်တယောက်ရဲ့ အမကို သေနတ်နဲ့ ချိန်ပြီးပစ်သ_တ်မယ် ချိန်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။” ဟုPLA ရဲဘော်တစ်ဦးဖြစ်သည့် ဝေယံဖြိုးမိုးက၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထာသည်။
ထို့နောက် ဇွန်လ ၂၂ ရက်နေ့တွင်လည်း မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာမှ PLA အထိုင်စခန်းများကို Faw ကား ၂ စီး၊ Probox ကား ၁ စီးတို့ဖြင့် အင်အား ၈၀ ခန့်အသုံးပြုကာ ထပ်မံဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့ စီးနင်းစဉ်အတွင်း PLA တပ်ဖွဲ့ကို ကူညီနေသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည့်အပြင်၊ အနီးနားကျေးရွာတစ်ရွာတွင် တပ်ဖျန့်ကာ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် PLA ရဲဘော်တစ်ဦး၏ အပြစ်မဲ့မိသားစုဝင်အား သေနတ်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း PLA ဘက်က ထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်များနှင့်အတူ မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံက PLA တောင်သာမြို့နယ်တာဝန်ခံအဖွဲ့ထံသို့ ဖမ်းဆီးထားသည့် ရန်သူ့သတင်းပေး (ဒလန်) များအားလုံးကို သိမ်းဆည်းရမိသည့် ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်နှင့် မြင်းခြံခရိုင်အတွင်းရှိ PLA တပ်ဖွဲ့များအားလုံး ထွက်ခွာပေးရန်ဟူသော အချက် ၂ ချက်ကို ပေးပို့တောင်းဆိုလာကြောင်း သိရသည်။
ဤအခြေအနေနှင့် ပတ်သက်၍ PLA တောင်သာမြို့နယ်တပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိထားသည့် ရန်သူ့သတင်းပေး ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သော်လည်း၊ နောက်ထပ် ရန်သူ့သတင်းပေးများကို လွှဲပြောင်းပေးမည့်အချိန်တွင် ပကဖဘက်က ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သောကြောင့် အစီအစဉ် နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။
PLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည့်အချိန်တွင် ယခုကဲ့သို့ တပ်စခန်းကို စီးနင်းခြင်းနှင့် စစ်အုပ်စုကို တိုက်ခိုက်နေသည့် မိမိတို့တပ်ဖွဲ့များကို နယ်မြေအတွင်းမှ ထွက်ခွာခိုင်းခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိကြောင်း၊ တော်လှန်ရေးအင်အားစုအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုကိုသာ လိုလားပြီး မိမိတို့ဘက်က မည်သည့်အခါမျှ ကျူးလွန်ဖောက်ဖျက်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
