အိန္ဒိယအစိုးရကို တော်လှန်နေသည့် ကသည်းလက်နက်ကိုင်များအား စစ်ကော်မရှင်က ကလေးမြို့တွင် စစ်သင်တန်းပေးနေကြောင်း အမှတ်၁စစ်ဒေသက ထုတ်ပြန်သည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်ကြီး တစ်ဦး ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ အင်အား ၃၀ ခန့်သည် ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၀) တွင် အရာရှိသင်တန်း တတ်ရောက်နေကြကြောင်း ဖမ်းဆီးရမိထားသော ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များက ပြောသည်ဟု အမှတ်၁စစ်ဒေသက အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် ယနေ့(စက်တင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။
“ကသည်းသူပုန်တွေဆိုတာ မြန်မာ-အိန္ဒိယနယ်စပ်မှာ အခြေစိုက်ပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ ကျနော်တို့တစ်သက်တောင် မကတော့ဘူး။တရုတ်မှာ မိုဒီ(အိန္ဒိယဝန်ကြီးချုပ်)ကို ပျော်ပျော်ကြီး လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ မင်းအောင်လှိုင်က ကသည်းသူပုန်တွေကို စစ်သင်တန်းပေး၊ ကသည်းသူပုန်တွေက စစ်တပ်နဲ့ပေါင်းပြီး PDF တွေကို တိုက်ပေးနေတာ အထောက်အထားခိုင်ခိုင်လုံ လုံနဲ့ အိန္ဒိယအစိုးရဆီရောက်အောင် ပို့ပေးဖို့လိုပါမယ်။ပြီးတော့ ဖမ်းမိထားတဲ့ ကသည်းသုံ့ပန်းတွေကို အိန္ဒိယအစိုးရထံ ပြန်လွှဲပြီးလည်း သက်သေထူရမယ်။အခုအင်္ဂလိပ်ဘာသာနဲ့ပါ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်တာဟာ အိန္ဒိယအစိုးရလည်း သိဖို့ ရည်ရွယ်တာလို့ ထင်တယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ယခင်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အခြေချနေထိုင်ခဲ့ ပြီး ဩဂုတ်လအတွင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ကလေးမြို့သို့ စတင် ဝင် ရောက်လာကြောင်းကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် တမူးနှင့် ဟုမ္မလင်းမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များအား မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း အမှတ်၁စစ်ဒေသက ထုတ်ပြန်သည်။
ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာရှိ စစ်တပ် ဦးစီးသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ကလေးခရိုင် PDF အမှတ် ၄ တပ်ရင်းက စက်တင်ဘာလ ၁၅ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ကသည်းလက်နက်ကိုင် တပ်စိတ် တစ်စိတ် သေဆုံးခဲ့သည့်အပြင် စစ်တပ် ဗိုလ်မှူး တစ်ဦး လည်း ဒဏ်ရာရခဲ့ကြောင်း နန်းစောင်းပုရွာသို့ စက်တင်ဘာ၅ရက်မှစတင်ကာ ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်ကြောင်းတွင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၆၀ ခန့်ပါဝင်ပြီးယခုအခြေအနေကြောင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့များအား နောက်တန်းပြန်ပို့ထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်ဖွဲ့များသည် ၁၀ စုနှစ်တစ်စုကျော်အကြာက တည်းက စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ဟဲဇင်းရွာ အတွင်းသို့ စတင်ဝင်ရောက် နေထိုင်ခဲ့ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများလည်း ရောင်းဝယ်ဖောက်ကားသည်ဟု အမှတ် ၁ စစ်ဒေသက ဆိုသည်။
အိန္ဒိယနိုင်ငံမှ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) လည်း တမူးခရိုင်နှင့် ခန္တီးခရိုင်အတွင်းတွင် စစ်တပ်နှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်များအား တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
ယခုနှစ်ထဲတွင် အိန္ဒိယစစ်တပ်၏ စစ်ဦးစီးချုပ်သည် စစ်ကော်မရှင် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ ၁) မှူးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းများနှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခြင်းများလည်း လုပ်ဆောင်ခဲ့သည်။
