နွားထိုးကြီး ရက်ဆက်တိုက်ပွဲ စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရ၊ ဒရုန်းနှင့်ခဲယမ်းများ သိမ်းဆည်းမိ

ဓာတ်ပုံ- မြင်းခြံခရိုင် တပ်ရင်း ၄
ပုံစာ-သိမ်းဆည်းမိသော ဒရုန်းနှင့် ခဲယမ်းများ။

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ဖက်ခူးရွာမှ ထွက်လာသော စစ်သားများကို PDF တို့ တိုက်ခိုက်ခဲ့ ရာ ၆ ဦးထက်မနည်းဒဏ်ရာရရှိပြီး တပ်ပျက်ကာ ထွက်ပြေးသွားကြကြောင်း သိရသည်။

ဇွန်လ၂၁ ရက်၊ညနေ ၆ နာရီခန့်တွင် ဖက်ခူးရွာမှ ထွက်လာသော စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ်၄နှင့် အမှတ်၁၀တပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျည်ဆန်နှင့် ကျည်ဘောက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ က ယနေ့ (ဇွန်၂၃ ရက်) သတင်းထုတ်ပြန်သည်။

“ဖက်ခူးဆိုတာက မြို့ရဲ့ အရှေ့ဘက်က။ နွားထိုးကြီးမြို့ပေါ်နဲ့ နည်းနည်းတော့လှမ်းတယ်။ တိုက်ပွဲ ဖြစ်တာ သိပေမဲ့ အသေးစိတ်အခြေအနေတော့ မသိဘူး”ဟု မြင်းခြံခရိုင်အတွင်းရှိ စစ်ရေးသတင်း ရင်းမြစ်က MPA သို့ပြောသည်။

ဇွန်၂၁ရက်၊ မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်တွင် နွားထိုးကြီးမြို့ ၏ အထင်ကရဖြစ်သော ရှင်ပင်သာဒွန်း ဦးဘုရားပေါ်၌ စစ်တပ်က တပ်စွဲထားသောကြောင့် ပြောက်ကျား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယင်း နေ့၌ပင် နွားထိုးကြီးမြို့ပေါ် စစ်တပ်က လွှတ်တင်လိုက်သော ဒရုန်းတစ်စင်းကို သိမ်းဆည်းရမိခဲ့ ကြောင်းလည်း ထုတ်ပြန်သည်။

နွားထိုးကြီးမြို့ တောင်အထွက်ရှိ စစ်တပ်ဂိတ်ကို ဇွန်၂၀ရက်၊ညနေ ၄နာရီမိနစ်၂၀ခန့်တွင် PDFတို့ ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့သေးကြောင်း မြင်းခြံခရိုင်တပ်ရင်း၄ က ထုတ်ပြန်သေးသည်။

“အဲဒီဂိတ်ကို ဝင်တိုက်တော့ ဂိတ်မှာရှိတဲ့ကောင်တွေ အကုန်ထွက်ပြေးကုန်တယ်”ဟု ၎င်းက ဆက် လက်ပြောသည်။

နွားထိုးကြီးမြို့ တောင်အထွက်ဂိတ်သည် မလှိုင်ဘက်အထွက် ခရိုင်ချင်းဆက်လမ်းပေါ်တွင် တည်ရှိ သည်။

စစ်သားများ ထိခိုက်မှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။