By BBC
ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ လူမှုကွန်ရက် (Social Media) စွဲလမ်းမှုကြောင့် စိတ်ကျန်းမာရေး ထိခိုက်ရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နည်းပညာကုမ္ပဏီကြီးများသည် ဥပဒေကြောင်းအရ တရားစွဲဆိုမှု အများအပြားနှင့် ရင်ဆိုင်နေရ၍ အကျပ်ရိုက်နေကြသည်။
မကြာသေးမီက Google ကုမ္ပဏီပိုင် YouTube သည် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ တရားစွဲဆိုမှုကို တရားရုံးပြင်ပတွင် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းခဲ့ရသည်။
အဆိုပါ တရားစွဲဆိုမှုတွင် YouTube ပလတ်ဖောင်းသည် ကလေးငယ်များ စွဲလမ်းလာစေရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထွင်ထားသည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။
Google ၏ ပြောရေးဆိုခွင့်ရှိသူ ခိုဆေး ကက်စတာညေဒါက ယခုအမှုကို ပြေလည်အောင် ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ရှေ့လျှောက်တွင် ကလေးငယ်များနှင့် ကိုက်ညီမည့် ပလတ်ဖောင်းများ၊ မိဘများ ထိန်းချုပ်နိုင်မည့် စနစ်များကို ပိုမိုကောင်းမွန်အောင် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
တရားရုံးအမှုတွဲများအရ ‘R.K.C.’ ဟု အတိုကောက်အမည်တပ်ထားသည့် အဆိုပါ အသက် ၁၅ နှစ်အရွယ် လူငယ်သည် YouTube ပေါ်တွင် စာမျက်နှာကို အဆုံးမရှိ အောက်သို့ ဆွဲချကြည့်ရှုနိုင်သည့်စနစ် (Infinite Scroll) နှင့် ဗီဒီယိုများ အလိုအလျောက် ပွင့်လာသည့်စနစ် (Autoplay) တို့ကြောင့် ဖုန်းစွဲလမ်းမှုဖြစ်ကာ စိတ်ပူပန်သောကရောက်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု စွပ်စွဲထားသည်။
အဆိုပါလူငယ်သည် YouTube အပြင် Instagram ပိုင်ရှင် Meta၊ TikTok နှင့် Snap ကုမ္ပဏီများကိုပါ တရားစွဲဆိုထားပြီး လာမည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်တရားရုံး၌ စတင်စစ်ဆေးမည် ဖြစ်သည်။
ယခုအမှုသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လူမှုကွန်ရက်များကြောင့် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသည်ဟုဆိုကာ အလားတူ စွဲဆိုထားသည့် အမှုပေါင်း ၁,၀၀၀ ကျော်အနက် ဒုတိယမြောက် တရားခွင်ဖြစ်လာရန် ရှိနေသည်။
ပြီးခဲ့သည့် လပိုင်းကလည်း အသက် ၂၀ အရွယ် ကယ်လီဖိုးနီးယား အမျိုးသမီးတစ်ဦးက Meta နှင့် YouTube ကို စွဲဆိုခဲ့သည့် ပထမဆုံးအမှုတွင် ဂျူရီလူကြီးများက တရားလိုဘက်က အနိုင်ပေးခဲ့ပြီး ကုမ္ပဏီနှစ်ခုအား ဒေါ်လာ ၆ သန်း (ဗြိတိန်ပေါင် ၄ ဒသမ ၅ သန်း) လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့ဖူးသည်။
၎င်းသည် လူမှုကွန်ရက်များ၏ စွဲလမ်းစေသည့် စနစ်ကြောင့် သုံးစွဲသူ၏ စိတ်ကျန်းမာရေးထိခိုက်မှုကို ကုမ္ပဏီများတွင် တာဝန်ရှိကြောင်း တရားရုံးက ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နယူးမက္ကဆီကိုပြည်နယ် တရားရုံးကလည်း ကလေးငယ်များအတွက် ပလတ်ဖောင်း၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အများပြည်သူကို လိမ်လည်လှည့်ဖြားခဲ့သည်ဟုဆိုကာ Meta ကုမ္ပဏီကို ဒေါ်လာ ၃၇၅ သန်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။
တရားလိုရှေ့နေများက နည်းပညာကုမ္ပဏီကြီးများသည် ကလေးငယ်များကို ငယ်စဉ်ကတည်းက ဖုန်းစွဲလမ်းလာစေရန် နှစ်ပေါင်းများစွာ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်ခဲ့ကြကြောင်း ဝေဖန်ထားသည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ Google ဘက်ကမူ ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ကလေးငယ်များအတွက် ပိုမိုဘေးကင်းမည့် YouTube Kids ကဲ့သို့သော ပလတ်ဖောင်းများကို မိသားစုများနှင့် ပူးပေါင်းကာ တာဝန်ယူမှုရှိရှိ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။
သို့သော်လည်း ပြီးခဲ့သည့်လက ကန်တပ်ကီပြည်နယ်ရှိ စာသင်ကျောင်းခရိုင်တစ်ခုက YouTube၊ Meta၊ Snap နှင့် TikTok တို့ကြောင့် ကျောင်းသားများ စိတ်ဓာတ်ကျခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းများ ကြုံတွေ့ရသဖြင့် ကျောင်းများက ပြန်လည်ကုစားပေးရသည့် ကုန်ကျစရိတ်များကို လျော်ကြေးပေးရန် စွဲဆိုခဲ့သည်။
အဆိုပါအမှုကိုလည်း ကုမ္ပဏီအားလုံးက တရားခွင်မရောက်မီ တရားရုံးပြင်ပ၌ပင် အသီးသီး လျော်ကြေးပေး ညှိနှိုင်းခဲ့ကြရသည်။
လာမည့် ဩဂုတ်လတွင်လည်း အမေရိကန်ပြည်နယ်အသီးသီးမှ Meta ကုမ္ပဏီကို အလားတူ တရားစွဲဆိုထားသည့် သောင်းနှင့်ချီသော အမှုတွဲများကို တရားရုံးတွင် ဆက်လက်ရင်ဆိုင်ရရန် ရှိနေသည့်အတွက် လူမှုကွန်ရက်နှင့် ကလေးငယ်များ၏ စိတ်ကျန်းမာရေး ပြဿနာသည် နည်းပညာကုမ္ပဏီကြီးများအတွက် ဥပဒေကြောင်းအရ ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်လာနေသည်။
