ရန်ကုန်မြို့၊လှိုင်မြို့နယ်၊အုတ်ကျင်းဘူတာအနီးတွင် စစ်မှုထမ်းအတွက် လူဖမ်းရောင်းစားရန် ချောင်းမြောင်းနေသူများရှိကြောင်း ဒေသခံအချို့ထံက သိရသည်။
လှိုင်မြို့နယ်၊အုတ်ကျင်းဘူတာအနီးရှိ ဗဟိုလမ်းပေါ်နှင့် ဘုရင့်နောင်လမ်းမပေါ်တို့တွင် နံနက်ခင်း နှင့်ညပိုင်း လူပြတ်ချိန်တို့၌ စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေသည့် အရပ်ဝတ်များက ချောင်းမြောင်း နေကြကြောင်း သိရသည်။
“တနင်္လာနေ့(ဇွန်၂၂ရက်)ကတောင် အုတ်ကျင်းဘူတာမှာ ဆိုင်ကယ်နဲ့ ဘဲ၂ပွေ၊ နောက်ပြီး ဗင်ကား တစ်စီးလည်း ရပ်ထားပြီး လူကောက်တင်(ပေါ်တာဆွဲ)ဖို့ လုပ်နေတာ၊ အဲနားက လူကြီးတစ်ယောက် ကတွေ့လို့ မှတ်တိုင်မှာ ကားစောင့်နေတဲ့ ကောင်လေးကို ငေါက်ငမ်းပြီး လာတဲ့ကားပေါ် တက်ခိုင်း လိုက်လို့ မပါသွားတာ၊မနက်၆နာရီကျော်ကျော်က”ဟု အုတ်ကျင်းဘူတာအနီးနေ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင်ဘုရင့်နောင် အမှတ်တစ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိပြီး ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းထောင့်တွင် တပ်ထိန်းလည်း ရှိကာ ဘုရင့်နောင်စစ်ကြော ရေးစခန်းသည် ရန်ကုန်မြို့ဝန်းကျင်က စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရသူများအား ယာယီထား သောနေရာတစ်နေရာဖြစ်သည်ဟု ဆိုကြသည်။
“မနက်သိပ်စောရင် ဗဟိုလမ်းကနေ ကားထွက်မစီးဖို့ ပြောကြတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
အုတ်ကျင်းဘူတာရုံဝန်းကျင်၌ ပေါ်တာဆွဲနေကြသူများမှာ စစ်တပ်နှင့် အဆက်အနွယ်များဟု ထင် ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
“ရန်ကုန်မှာ ပေါ်တာဆွဲနေကြတာကတော့ စစ်တပ်နဲ့ ချိတ်ဆက်မှုရှိတဲ့သူတွေချည်းပါပဲ။အုတ်ကျင်း နားကျတော့ စစ်တပ်ကလည်း အဲနားကို ၂ခုလောက်ရှိနေတာဆိုတော့ စစ်သားတွေရော စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေရော လုပ်စားကြတာ ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။
ဘုရင့်နောင်လမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးမှ ဘုရင့်နောင်လမ်းဆုံအထိ တောက်လျှောက်တွင်လည်း ပေါ်တာဆွဲသူတို့က စောင့်ဆိုင်းဖမ်းဆီးလေ့ရှိကြောင်း သိရသည်။
“သီရိမင်္ဂလာဈေးက လူစုံတယ်။ဈေးရှေ့တော့ မလုပ်ဘူး။ဈေးကနေ ဘုရင့်နောင်လမ်းဆုံအထိ လူ ပြတ်တယ်။ရဲစခန်းရော စစ်တပ်ရောရှိတော့ လုပ်လို့ကောင်းတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် ပေါ်တာဆွဲ၍ စစ်မှုထမ်းထဲသို့ ပြန်ရောင်းစားခြင်းမှာ ငွေလမ်းဖြောင့်သည့် ဈေးကွက် ကြီးတစ်ခု ဖြစ်နေကြောင်း သိရသည်။
