By MPA
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ ဇွန်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုစစ်ဆေးမှုအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ခေါ် ကျားဖြန့် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦးကို သက်သေခံပစ္စည်းများနှင့်တကွဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြထားသည်။
ထိုင်းနိုင်ငံသားများ၏ တိုင်ကြားမှုကြောင့် ထိုသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည့်အကြောင်းလည်း ထိုထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
နိုင်ငံခြားသားအများအပြား တိုက်ခန်းတစ်ခုအတွင်းသို့ ကွန်ပျူတာအပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအများအပြားသယ်ဆောင် နေထိုင်လျက်ရှိသည့် တိုင်ကြားချက်ကြောင့် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။
ဖမ်းဆီးခံရသူ(၉)ဦးတွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား (၇)ဦးတို့ဖြစ်ကြောင်း သိရသည်။
မြန်မာ ၇ ဦးအနက် အထောက်အထားမရှိသူ (၁)ဦး၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (Temporary Border Press) လက်မှတ်ကိုင်ဆောင်သူ(၂)ဦး၊ အလုပ်လုပ်ခွင့်(Work Premit)ကတ်၊ ပန်းရောင်ကတ်နှင့် မြန်မာနိုင်ငံကူးလက်မှတ်(Passport) ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း သိရသည်။
ယခုကဲ့သို့ ကွန်ပျူတာများဖြင့် လုပ်ကိုင်နေမှုကို တိုင်ကြားမှုအရ ဖမ်းဆီးခံခဲ့ရသည့်အတွက် မဲဆောက်တွင် ကွန်ပျူတာများဖြင့် အလုပ်လုပ်ကိုင်နေသည့် သတင်းသမားများက စိုးရိမ်နေကြသည်။
“ကျနော်တို့လည်း ကွန်ပျူတာတွေနဲ့ပဲ လုပ်နေရတာဆိုတော့ စိုးရိမ်ရတယ်။ တတ်နိုင်သမျှတော့ သိုသိုသိပ်သိပ်လုပ်နေတာပဲ။ ဝင်စီးခံရရင်တော့ မတတ်နိုင်ဘူး” ဟု မဲဆောက်တွင်နေထိုင်သူ လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းသမားတစ်ဦးက ပြောသည်။
ထိုစီးနင်းမှုအတွင်း Desktop ကွန်ပျူတာ (၁၃)စုံ၊ Laptop ကွန်ပျူတာ (၇)လုံး၊ လက်ကိုင်ဖုန်း (၃၃)လုံး၊ ဘဏ်စာအုပ် (၂၉) အုပ်နှင့် ATM ကတ်(၂၆) ကတ်တို့ကို သက်သေခံအဖြစ် သိမ်းဆည်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များဘက်က ဆိုထားသည်။
သိမ်းဆည်းခံရသည့် ATM ကတ်များက ဘဏ်အကောင့်များအတွင်း ဘတ်ငွေ(၆)သန်းမှ (၇)သန်းခန့် ငွေပမာဏများရှိနေကြောင်းလည်း သိရသည်။
အာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆိုက်ဘာ ရာဇဝတ်မှုများတိုက်ဖျက်ရေးအပါအဝင် တရားမဝင်နေထိုင်သူများစစ်ဆေးဖမ်းဆီးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်နှိမ်နင်းနေသည်ကို တရားဝင်အသိပေးထားပြီးဖြစ်သည်။
ထိုသို့ စစ်ဆေးရေးလုပ်ဆောင်နေသည့် (၉)လတာကာလအတွင်း အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆိုက်ဘာ ရာဇဝတ်မှုများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သံသယရှိသူဦးရေ ၂၉၀,၀၀၀ ကျော် ဖမ်းဆီးရမိသည့်အပြင် သံသယရှိဖွယ် ဖုန်းနံပါတ်(၃)သိန်းကျော်နှင့် လိမ်လည်လှည့်ဖြားသည့် ဝက်ဆိုက်ပေါင်း (၁)သိန်းကျော် ပိတ်ဆို့ခံရကြောင်း ထိုင်းနိုင်ငံ အွန်လိုင်းငွေလိမ်လည်မှု တိုက်ဖျက်ရေးဌာန၏ ပြီးခဲ့သည့်ဇွန်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – Tak Immigration
