မွန်ပြည်နယ် စစ်တပ်ထိန်းချုပ်နယ်မြေများတွင်သာ လောင်းကစားဝိုင်းရှိ၊တော်လှန်ရေးနယ်မြေများ ၌ လုံးဝမရှိ

မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှုရှိသည်ဆိုသော စစ်တပ် ထိန်းချုပ်နယ်မြေများ၌သာ လောင်းကစားဝိုင်းများ ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ စစ်တပ်ထိန်းချုပ်ထားသော မြို့ပေါ်များနှင့် ကျေးရွာတို့တွင်သာ အမိန့်ရ လောင်းကစားဝိုင်းများ ရှိပြီး တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေများ၌ လောင်းကစားဝိုင်းလုံးဝ မရှိကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

“လွှတ်တော်ထဲမှာ မွန်ပြည်နယ်ဝန်ကြီးက လုံခြုံရေးအခြေအနေကောင်းတဲ့ နယ်မြေတွေမှာ လောင်း ကစားဝိုင်းတွေ လျော့နည်းသွားတယ်ဆိုပြီးဗြောင်လိမ်တယ်။တကယ်တော့ စစ်တပ်နယ်မြေတွေမှာ ပဲ လောင်းကစားဝိုင်းရှိတာ”ဟု ၎င်းက MPAသို့ပြောသည်။

ဇွန်၁၉ရက်က ပြုလုပ်သော တရားမဝင်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုး ရတုအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တင်ဇော်ထွန်းက ယခုအခါ လုံခြုံရေးအခြေအနေကောင်းမွန် သော နယ်မြေများတွင် လောင်းကစားဝိုင်းများ လျော့နည်းသွားပြီး၊ အမြစ်ပြတ်စေရေးနှင့်ပြန်လည်မရှိစေ ရေးအတွက် နည်းလမ်းများဖေါ်ထုတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်တစ်ခုလုံး တွင် လက်နက်ကိုင်ပြဿနာချုပ်ငြိမ်းပြီး တရားဥပဒေ စိုးမိုးရေးပိုမိုရရှိလာပါက လောင်းကစားဝိုင်း များပပျောက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လောင်းကစားဝိုင်းများ ပြုလုပ်နေသော မော်လမြိုင်မြို့ပေါ်၊ချောင်းဆုံ၊ပေါင်၊ကျိုက်မရော၊မုဒုံ၊သထုံ စ သည့် ဒေသများသည် စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားနိုင်သော နယ်မြေများဖြစ်ကြောင်း သိရ သည်။
“ကျနော်တို့ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လောင်းကစားဝိုင်းလုံးဝမ ရှိဘူး။ဥပမာ-ပေါင်မြို့နယ်ဆိုရင် တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေမှာ လောင်းကစားဝိုင်းမရှိဘူး။ စစ်တပ်နယ်မြေမှာ ရှိတယ်”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ဘီးလင်း၊သထုံ၊ပေါင်၊သံဖြူဇရပ်၊ရေး စသည့် မြို့နယ်များတွင် တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေများရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများကို ယခင် တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင် ကြည်သိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်တို့က လိုင်း ကြေးရယူ ကာ ခွင့်ပြုခဲ့ပြီး ယခုအခါ လုံနယ်ဝန်ကြီးကျော်စွာမြင့်က တာဝန်ယူကာ ဆက်လက် ပြုလုပ် နေဆဲ ဖြစ်သည်။

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြု ထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်း ကစားဝိုင်းများ တားဆီးပိတ်ပင်ပေး ရေးအဆိုကို ဇွန်လ ၁၉ ရက်၌ မွန်ပြည်နယ်လွှတ်တော်က အ တည်ပြုလိုက်သော်လည်း မော်လမြိုင်၊ပေါင်၊ချောင်းဆုံနှင့် မုဒုံတို့တွင် လောင်းကစားဝိုင်းများ ဆက် လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသတွင်း မီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေးအဆိုကို မွန်ပြည်နယ်အခြေစိုက် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီဥက္ကဌ၊ကျိုက်မရောပြည်နယ်လွှတ်တော်အမတ် သန့်ဇော်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုအား လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် မွန်ပြည်နယ်အစိုးရတု၏ ဝါဒဖြန့်မီဒီယာ Yarmanya Times က ကျိုက်မရောပြည်နယ်လွှတ်တော်အမတ်များသည် လောင်းကစားဝိုင်းမှ လိုင်း ကြေးယူထားကြောင်း ခိုင်လုံသော အချက်အလက် များမပါဘဲ စွပ်စွဲရေးသား တိုက်ခိုက်ခဲ့သေးသည်။