စစ်ကော်မရှင်၏ လက်အောက်ခံ ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်ကားကို ရဲမိန်းများနှင့် မိသားစုဝင်များ မကြည့်မနေရ ရုပ်ရှင်ရုံများတွင် သွားရောက်ကြည်ရှုရန် စစ်ကော်မရှင်က ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
“ဘဝကို စားသော ကိန်းဂဏန်းများ” အမည်ရှိ ရုပ်ရှင်ကားသည် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့အတွက် ဝါဒဖြန့်ချိထားသော ရုပ်ရှင်ကားဖြစ်သည်။
အောက်တိုဘာ ၁ရက်တွင် ကျရောက်မည့် ရဲတပ်ဖွဲ့နေ့အတွက် ဂုဏ်ပြုရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဝါဒဖြန့် ရဲကားကို သာမာန်ရုပ်ရှင်ကဲ့သို့ ရုံတင်ပြသထားသော်လည်း ပြည်သူများက သပိတ်မှောက်ထားသဖြင့် ကြည့်ရှုသူ နည်းပါးလျက်ရှိသည်။
အဆိုပါ ရုပ်ရှင်ကားကို ကြည့်ရှုသူများပြားစေရန်အတွက် ရဲမိသားစုဝင်များ၊ ရဲမိန်းမများကို ရုပ်ရှင်ရုံ များတွင် မကြည့်မနေရ သွားရောက်ကြည့်ခိုင်း၍ ဖိအားပေးထားကြောင်း သိရသည်။
“တနင်္ဂနွေနေ့က ရုပ်ရှင်ရုံမှာ မိသားစုနဲ့ ရုပ်ရှင်သွားကြည့်ရတယ်။ စခန်းတစ်ခုလုံးက မိသားစုဝင်တွေ မကြည့်လို့ မရဘူး။ တိုင်းရုံး(ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရုံး) အထိ နာမည်စာရင်းက ရောက်ထားပြီးပြီ။ ရဲကားမို့လို ရဲမိသားစုဝင် တွေသွားကြည့်ဖို့ စခန်းထဲမှာလည်း ပြောနေကြတယ်” ဟု ရန်ကုန်မြို့ ရဲစခန်းတစ်ခုရှိ အမည်မဖော်လိုသော ရဲမိန်းမတစ်ဦးက MPA သို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်လက်ဝေခံ ရဲတပ်ဖွဲ့သည် မြန်မာပြည်သူများစွာကို ဖမ်းဆီးခဲ့မှုကြောင့် ပြည်သူများ၏ အမြင်မကြည်လင်မှုများဖြင့် ရင်ဆိုင်နေရသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ဝါဒဖြန့်ကားကို သာမာန်ရုပ်ရှင်ကဲ့သို့ ဟန်ဆောင်၍ ရုံတင်ပြသနေခြင်းဖြစ်သည်။
အဆိုပါ ရုပ်ရှင်ကို စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ သမ္မတရုပ်ရှင်ရုံအပါအဝင် အခြားသော ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေခြင်းဖြစ်သည်။
စစ်တပ်၊ ရဲ၊ မီးသတ် စသည့် ဝါဒဖြန့် ရုပ်ရှင်များကို တီဗီတွင် အခမဲ့ ပြသခဲ့သော်လည်း ယခုတွင် သာမာန် ရုပ်ရှင်ကဲ့သို့ ဟန်ဆောင်၍ ရုံတင်ပြသနေခြင်းဖြစ်သည်။
“ရုပ်ရှင်ပိုစတာမှာ ရဲဝတ်စုံလည်းမပါဘူး။ ရဲကားဆိုပြီး ပြောရင် ကြည့်တဲ့လူမရှိမှာဆိုးလို့ သာမာန်ရုပ်ရှင်လိုပဲ ရုံတင်ပြနေတာ။ အရင်ကဆို ပေါ်လစီကားတွေကို တီဗီက ဖရီးပြတယ်။ အခုကျ ပေါ်လစီကားကို ရုံတင်ပြလိုက် တာမျိုးပါပဲ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။
“ဘဝကို စားသော ကိန်းဂဏန်းများ” အမည်ရှိ ရဲဝါဒဖြန့် ရုပ်ရှင်အား ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)က ရိုက်ကူးထားခြင်း ဖြစ်သည်။ တင်အောင်စိုး (ပန်းမြို့တော်)သည် စစ်တပ်ဝါဒဖြန့် မြဝတီ ရုပ်မြင်သံကြား၊ မြဝတီမဂ္ဂဇင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ထမ်းဆောင်ဆဲဖြစ် သော စစ်ကော်မရှင်တပ် အရာရှိတစ်ဦးဖြစ်သည်။
“တင်အောင်စိုး(ပန်းမြို့တော်) ရိုက်တဲ့ကားဆိုကတည်းက ပေါ်လစီကားဆိုတာ သိနေပြီ။ သူက ပေါ်လစီကားပဲ သီးသန့်ရိုက်တာလေ။ ရုပ်ရှင်အကြောင်း တီးမိခေါက်မိနည်းနည်းသိတဲ့သူဆိုတာနဲ့ တင်အောင်စိုးရိုက်တဲ့ ကားကို ပေါ်လစီကားမှန်းသိကြပါတယ်။ ပေါ်လစီကားတွေရဲ့ ထုံးစံအတိုင်း ဘတ်ဂျက်များများရသော ငွေပေါပေါသုံးနိုင် ဖြုန်းနိုင်တယ်” ဟု မြန်မာရုပ်ရှင်ကားများကို စိတ်ဝင်တစား ကြည့်ရှုလေ့ရှိသူတစ်ဦးက ဆိုသည်။
မြန်မာရုပ်ရှင်ကားများသည် ရုံတင်ပြသရန်အတွက် ရုပ်ရှင်ရုံများတွင် တန်းစီစနစ်ဖြင့် စောင့်ဆိုင်းကြရလေ့ရှိ သော်လည်း အဆိုပါ ရဲပေါ်လစီကားသည် တန်းစီစရာမလိုဘဲ ကြားဖြတ်၍ ရုံတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မူလက ရုံတင်ရန် စီစဉ်ထားသော မင်းသမီး ဖွေးဖွေး၏ “အကြီးကြီး” ဆိုသည့် ရုပ်ရှင်ကားသည် အချိန်နှစ်ပတ် နောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။
