တောင်ကိုရီးယားအစိုးရအသိအမှတ် စေတနာဝန်ထမ်းကင်းလှည့်အဖွဲ့(မြန်မာအရန်လုံခြုံရေးအဖွဲ့) ကို အင်ချွန်း ဘူဖျောင်းရပ်ကွက်တွင် ပထမဆုံးအကြိမ်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စေတနာ့ဝန်ထမ်းကင်းလှည့်အဖွဲ့ကို ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား၁၄ဦးဖြင့် ဇွန်လ၂၃ ရက် တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းသည် ရဲတပ်ဖွဲ့အထောက်အကူပြုအဖွဲ့ သို့မဟုတ် ဒေသ ဆိုင်ရာရာဇဝတ်မှု ကာကွယ်ရေးအဖွဲ့လည်း ဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် မြန်မာ့ဖက်ဒ ရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက ပြောသည်။
“လှည့်ကင်းအဖွဲ့ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ အထူးသဖြင့် အားနည်းတဲ့အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ ညရေးညတာတွေမှာ ကျနော်တို့ ရပ်ကွက်လုံခြုံရေးပေါ့နော်။ လူပြတ်တဲ့နေရာမျိုးတွေ၊ မှောင်မိုက်တဲ့နေရာမျိုးတွေ၊ လုံခြုံရေးအားနည်းတယ်လို့ သံသယရှိတဲ့နေ ရာမျိုးတွေ၊ ရာဇဝတ်မှု ဖြစ်လေ့ဖြစ်ထရှိတဲ့နေရာမျိုးတွေပေါ့နော်။အရက်ဆိုင်တွေရှိမယ်၊ဘားတွေ ရှိမယ်။လမ်းကြားတွေရှိမယ်၊ပန်းခြံတွေရှိမယ်။ဒါမျိုးနေရာတွေမှာ ကျနော်တို့က ရပ်ကွက်ကလူတွေ ပိုပြီး လုံခြုံတယ်ဆိုတဲ့ စိတ်ခံစားချက်ပေးတာနဲ့၊ နောက်တစ်ခုက ရာဇဝတ်မှုပပျောက်အောင်ပေါ့နော် ။လျော့နည်းသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ဦးကျော်ဆန်းက MPAသို့ပြောသည်။
စေတနာ့ဝန်ထမ်းကင်းလှည့်အဖွဲ့ဝင်အဖြစ် လျှောက်ထားသူသည် တရားဝင်ဗီဇာတစ်ခုခု ကိုင်ဆောင် ထားသူ၊ရာဇဝတ်မှု ကင်းရှင်းသူနှင့် အသက်ပြည့်သူ ဖြစ်ရမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ၏ လမ်းညွှန်မှုဖြင့် လိုအပ်သည့် သင်တန်းများပို့ချကာ တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်များနှင့်အတူ တာ ဝန်ထမ်းဆောင်ကြရကြောင်း သိရသည်။
“လောလောဆယ်က စတင်ဖွဲ့စည်းခါစဖြစ်လို့ ငွေကြေးအားဖြင့် ပံ့ပိုးမှုက ရဦးမှာမဟုတ်ဘူး။ဦးထုပ်၊ ရောင်ပြန်အင်္ကျီ၊အချက်ပြမီး အဲဒါမျိုးတွေ ပေးတယ်။ နောက်ပိုင်းကျရင်တော့ ကျနော်တို့ သွားတဲ့လာ တဲ့ လှည့်ကင်းလှည့်ဖို့အတွက် ကုန်ကျစရိတ် ထောက်ပံ့ကြေးပေါ့။အများကြီးတော့ မဟုတ်ဘူး။ ထောက်ပံ့ကြေးပေးမယ်ဆိုပြီး ဥပဒေမှာ ပြဌာန်းထားတာတွေလည်း ရှိတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
စေတနာ့ဝန်ထမ်းကင်းလှည့်အဖွဲ့ကို တောင်ကိုရီးယားနိုင်ငံရှိ တရုတ်အများစုနေထိုင်သော နေရာ၌ တရုတ်လူမျိုးများဖြင့် ဖွဲ့စည်းပြီး ရုရှားလူမျိုးများသည့် ရပ်ကွက်၌ ရုရှားလူမျိုးများဖြင့် ဖွဲ့စည်း ကြောင်းသိရသည်။
“အင်ချွန်းဘူဖျောင်း မြန်မာရပ်ကွက်ဟာ မြန်မာဘုန်းကြီးကျောင်းတွေ၊ မြန်မာစားသောက်ဆိုင်တွေနဲ့ မြန်မာဘားတွေ စုဆုံနေတာကြောင့် ပိတ်ရက်တွေနဲ့ ရုံးပိတ်ရက် အားလပ်ရက်တွေဆိုရင် ကိုရီးယား တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေ လာရောက်ဆုံစည်းပြီး အပန်းဖြေကြတဲ့ အထင်ကရနေရာ တစ်ခု ဖြစ်နေပါပြီ”ဟု ၎င်းက ပြောသည်။
စေတနာ့ဝန်ထမ်းကင်းလှည့်အဖွဲ့ဆိုင်ရာဥပဒေကို ၂၀၂၂ခုနှစ်၊ဧပြီ၂၆ရက်တွင် ပြဌာန်းခဲ့ပြီး ၂၀၂၃ခုနှစ် ၊ဧပြီ၂၇ရက်၌ ဥပဒေစတင်အသက်ဝင်ကြောင်း သိရသည်။
“ဒီလိုအဖွဲ့မျိုးက အရင်ဆယ်စုနှစ်တစ်ခုလောက်ကတည်းက ရှိပါတယ်။အရင်က ရှိတာက ကိုယ်ထူ ကိုယ်ထလုပ်ကြတာ။တိကျတဲ့ဥပဒေမရှိဘူး။ကိုယ်ထူကိုယ်ထ ဆိုတဲ့အတိုင်းပဲ၊ စနစ်ကျမှု အားနည်း တယ်”ဟု ၎င်းက ပြောသည်။
စေတနာ့ဝန်ထမ်းကင်းလှည့်အဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ဆဲကာလတွင် ကိုရီးယားနိုင်ငံ့ဝန်ထမ်း များနှင့် တန်းတူ ဥပဒေအကာအကွယ်ပေးမှုရှိပြီး တာဝန်ထမ်းနေစဉ် ထိခိုက်ဒဏ်ရာရပါက ဆေးဝါး ကုသမှုနှင့် ငွေကြေးထောက်ပံ့မှုတို့ကို နိုင်ငံ့ဝန်ထမ်းများကဲ့သို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။
