ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ စာဖြင့် ဆုတောင်းမေတ္တာပို့ခဲ့ဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်မြောက်မွေးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီက စာဖြင့် ဆု တောင်းမေတ္တာပို့ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အခမ်းအနားသို့ ‘ကာလရှည်ကြာမိတ်ဆွေ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်အရာအားလုံး ကောင်းမွန်ပါစေကြောင်း’ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနက စာဖြင့် ဆုတောင်းမေတ္တာပေးပို့ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့- CRPP-NLDက ယနေ့(ဇွန်၂၆ရက်) သတင်းထုတ်ပြန်သည်။

ယင်းသို့ မွေးနေ့ဆုတောင်းခြင်းအပေါ် ၂၀၂၀ရွေးကောက်ခံ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော် အမတ် တစ်ဦးက “တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မမေ့ဘူးဆိုတာမျိုး ဖော်ပြပြီး မအလ ကို မင်းလုပ်ချင်တိုင်း မလုပ်နဲ့ ဆိုတာမျိုး ဟန့်လိုက်တဲ့သဘောလို့လည်း ကောက်ယူနိုင် တယ်။ နောက်တစ်ချက်က တရုတ်က မအလ ကို မီးစိမ်းပြပြီး လုပ်ချင်ရာလုပ် ခွင့်ပြုထားပြီး တစ်ဖက်မှာ ကမ္ဘာကြီးနဲ့ မြန်မာပြည်သူတွေကို လှည့်ဖြား တဲ့သဘောလည်း ဖြစ်နိုင်တယ်”ဟု MPAသို့ မှတ်ချက် ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်မြောက်မွေးနေ့ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် မွေးနေ့ ရှင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် တစ်ဦးချင်းသာမက အဖွဲ့အစည်း အလိုက်၊ အုပ်စုလိုက်၊ အင်အားစုအလိုက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးတို့ကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း နှင့် ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံ များ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင် ငံ၊ ဩစတြေးလျ၊ နော်ဝေ၊ အရှေ့တီမောနှင့် ဖိလစ်ပိုင်တို့အပြင် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးအထူးကိုယ်စားလှယ်၊ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့(Human Rights Watch)၊ နိုင်ငံတကာအကြီး အကဲဟောင်းများအဖွဲ့(The Elders)၊ လူ့အခွင့် အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်မှ လွှတ်တော်အမတ်များ စသည့်လွှတ်တော်များ၊ သံရုံးများ၊ အဖွဲ့အစည်းများကလည်း မွေးနေ့ဆုတောင်းသဝဏ်လွှာများ ထုတ်ပြန်ခြင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လူသားချင်း စာနာထောက်ထားရေး စသည့် အချက်တို့ကိုပါ ထည့်သွင်းထုတ်ပြန်လာသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်း CRPP-NLDက ထုတ်ပြန်သည်။

CRPP-NLD ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။