မြန်မာကမ်းရိုးတန်းဒေသများတွင် မိုးရေချိန် ၁၄ လက်မအထက်ရွာနိုင်

ဓာတ်ပုံ-ဦးဝင်းနိုင် Facebook

အရှေ့ဘက်ကရွေ့လာမည့် တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များနှင့် မုတ်သုံမိုးရွာသွန်းမှုများကြောင့် မြန်မာကမ်းရိုးတန်းဒေသတလျောက် မိုးရေချိန် ၁၄ လက်မနှင့်အထက် ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူများက ပြောသည်။

စူပါတိုင်ဖွန်းမုန်တိုင်း(Super Typhoon – ST)RAGASA သည် စက်တင်ဘာ ၂၃ ရက်၊ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း(Very Strong Typhoon – VST)အဖြစ်အားလျော့သွားပြီး တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံအရှေ့မြောက်ဘက်ကမ်းခြေအား စက်တင်ဘာ ၂၄ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့ကာ မုန်တိုင်းအကြွင်းအကျန်များက စက်တင်ဘာ ၂၆ ရက်တွင် လာအိုနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်မုန်တိုင်းအကြွင်းအကျန်များက အနောက်ဘက်ကိုဆက်လက်ရွေ့လျားမည်ဖြစ်‌သောကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့အပြင် ရခိုင်ကမ်းရိုးတန်းတလျောက်တွင် မိုးရေချိန် ၁၄ လက်မနှင့်အထက် ရွာသွန်းနိုင်မည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကခန့်မှန်းထားသည်။

“ရေတက်ရင်တော့ လှေတွေရပ်ထားရတယ်။ ဒီမှာရေတက်ရင်ဘယ်သူမှမသွားရဲဘူး။ ရေစီးကြမ်းလို့။ အဲ့ဒီလိုအချိန်တွေဆို ကျောင်းသွားရတဲ့ကလေးတွေ၊ ကျန်းမာရေးအတွက် ဟိုဖက်ကမ်း(ထိုင်းဖက်ခြမ်း)ကူးဖို့လိုတဲ့သူတွေအတွက်တော့ ဒုက္ခရောက်တာပေါ့”ဟု သောင်ရင်းမြစ်ကမ်းဘေးတွင်နေထိုင်သူတစ်ဦးကဆိုသည်။

မိုးရေချိန်အများအပြားရွာသွန်းမည်ဖြစ်သောကြောင့် မြစ်ရေမြင့်တက်မှုများ၊ ရုတ်တရက်ရေကြီးခြင်းများ၊ မြေပြိုမှုများသတိထားရန်လိုအပ်သည့်အပြင် ကွင်းပြင်များတွင်အလုပ်လုပ်ကိုင်ရသည့် တောင်သူများအနေဖြင့် လေပြင်းတိုက်ခတ်မှုများ၊ မိုးကြိုးပစ်ခြင်းများကို သတိထားရန်လိုအပ်ကြောင်း ၎င်းကသတိပေးထားသည်။

“ကျမတို့ဆီမှာက မိုးနဲနဲရွာတာနဲ့ ရေကတက်တာ။ အရင်ရေကြီးတုန်းကရှောင်နေတဲ့သူတွေတောင်အိမ်မပြန်ကြရသေးဘူး။ အခုလဲမိုးကြီးမှာဆိုတော့ ရေကထပ်တက်ဦးမှာဘဲ။ ပြင်ဆင်ထားရမှာပေါ့။ မနှစ်ကတည်းက ရေကြီးခဲ့တာဆိုတော့ အတွေ့အကြုံရှိနေပါပြီ” ဟု တာချီလိတ်မြို့နေ အမျိုးသမီးတစ်ဦးကဆိုသည်။

စူပါတိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်မည့် စက်တင်ဘာ ၂၅ ရက်၊ မနက်ပိုင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်အတွင်း အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့်ခန်းမှန်းထားသည်။

မိုးနှောင်းကာလတွင်ဖြစ်ပေါ်လာမည့် မုန်တိုင်းများကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးအလွန်များနိုင်သလို ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်ကလည်း တောင်တရုတ်ပင်လယ်တွင် တိုက်ခတ်ခဲ့သော ဝီဖာမုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် မိုး‌ရေချိန် ၈ လက်မနှင့်အထက်ရွာသွန်းခဲ့စဉ်ကလည်း သောင်ရင်းမြစ်ရေ တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် စိုးရိမ်ရေအမှတ်ကိုကျော်လွန်ခဲ့ပြီး မြန်မာနိုင်ငံအရှေ့အခြမ်းဒေသများတွင် မြစ်ရေကြီးခြင်းများ၊ ရုတ်တရက်ရေကြီးခြင်းများကြုံတွေ့ခဲ့ရသေးသည်။

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာသည် ဖိလစ်ပိုင်ရေပိုင်နက်အတွင်း ဖြစ်ပေါ်ခဲ့‌သည့် ၁၄ လုံးမြောက်မုန်တိုင်းတစ်လုံးဖြစ်ကြောင်း သိရသည်။